Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝိဉာဥ်အကျဥ်းသားအဖြစ် နေသားကျအောင် ကြိုးပမ်းနေတာလို့ သားဖြစ်သူ ကိုထိန်လင်း ပြော

လာမယ့်ဇွန်လမှာ အသက် ၈၁ နှစ်ပြည့်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အသက်ရှင်ကြောင်း ယုံကြည်ခိုင်မာတဲ့သက်သေပြဖို့ ငြင်းဆန်နေတာဟာ ဝိဉာဥ်အကျဥ်းသားအဖြစ် နေသားကျအောင် ကြိုးပမ်းနေတာဖြစ်တယ်လို့ သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က ပြောပါတယ်။

ဓာတ်ပုံ - NUG Representative Office-UK

မေ-၁၈၊ ၂၀၂၆။ People’s Spring

လာမယ့်ဇွန်လမှာ အသက် ၈၁ နှစ်ပြည့်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အသက်ရှင်ကြောင်း ယုံကြည်ခိုင်မာတဲ့သက်သေပြဖို့ ငြင်းဆန်နေတာဟာ ဝိဉာဥ်အကျဥ်းသားအဖြစ် နေသားကျအောင် ကြိုးပမ်းနေတာဖြစ်တယ်လို့ သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က ပြောပါတယ်။

မေလ ၁၇ရက် မနေ့က အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ဗြိတိန်ပါလီမန်ရှေ့မှာ ကိုထိန်လင်းနဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ ဦးဆောင်ပြီး စစ်တပ် မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ Proof of Life လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

ဗြိတိန်ပါလီမန်ရှေ့မှာ မနေ့က စုဝေးလှုပ်ရှားမှုဟာ နိုင်ငံရေးကိစ္စမဟုတ်ဘဲ အခြေခံလူသားဆန်မှု အကြောင်းကိစ္စသာဖြစ်ပြီး ကမ္ဘာပေါ်ရှိ ဘယ်မိသားစုဝင်မဆို သူတို့ချစ်တဲ့သူတွေ အသက်ရှင်သေးကြောင်း သိပိုင်ခွင့်ကို ငြင်းဆန်မခံရသင့်ဘူးလို့ ကိုထိန်လင်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကမ္ဘာပေါ်မှာ အသက်အကြီးဆုံးအမျိုးသမီးနိုင်ငံရေးအကျဥ်းသားသူ၊ လာမယ့်ဇွန်လ ၁၉ရက်မှာ အသက် ၈၁ နှစ်ပြည့်မယ့် ကျွန်တော့်မိခင် အသက်ရှင်သေးကြောင်း အတည်ပြုတဲ့ သက်သေ လိုချင်ပါတယ်။ စစ်တပ်ဟာ ဝိဉာဥ်အကျဥ်းသားအဖြစ် နေသားကျအောင် ကြိုးပမ်းနေပါတယ်။ ဒါက သားတစ်ယောက်အနေနဲ့ ကျွန်တော့်နှလုံးသားကို ထိခိုက်စေပါတယ်”လို့ ကိုထိန်လင်းက ပြောပါတယ်။

ကိုထိန်လင်းဟာ သူ့ မိခင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်၊ ဘေးကင်းတာကို ရိုးရိုးရှင်းရှင်း သိချင်တာလို့ ဗြိတိန်ပါလီမန်ရှေ့မှာ ပြောပါတယ်။

“ကျွန်တော် မေမေ့အသံကို ကြားချင်တယ်။ မေမေ့မျက်နှာကို မြင်ချင်တယ်။ မေမေ့လက်ကျန်နှစ်တွေမှာ ကျွန်တော် မေမေနဲ့အတူ အချိန်ကုန်ဆုံးဖို့ အခွင့်အရေးရချင်ပါတယ်”လို့ ကိုထိန်လင်းက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ခံလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်မှာ နေပြည်တော်အကျဥ်းထောင်ကနေ သတ်မှတ်ထားတဲ့ နေအိမ်တလုံးဆီ ပြောင်းရွှေ့ထားတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မိသားစုဝင်၊ ရှေ့နေတွေအပါအဝင် လူအများစိတ်ချယုံကြည်ရသူတစ်ဦးတစ်ယောက်နဲ့မျှ တွေ့ခွင့်မရသေးတာကြောင့် ကိုထိန်လင်း ဦးဆောင်ပြီး ပြည်တွင်း၊ ပြည်ပမှာ Proof of Life လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ကိုထိန်လင်းကတော့ နေရာတစ်နေရာကနေ တစ်နေရာကို ပြောင်းရွှေ့တာဟာ လွတ်မြောက်တာ မဟုတ်သလို သူ့မိခင်ဟာ ဓားစာခံအဖြစ် ဆက်ရှိနေသေးတယ်လို့ ပြောပါတယ်။ စစ်တပ်နေရာပြောင်းရွှေ့တယ်ဆိုတဲ့ ဧပြီ ၃၀ရက် နောက်ပိုင်းမှာလည်း ကိုထိန်လင်းဟာ သူ့မိခင်ကို ဘယ်မှာ ထားရှိသလဲ၊ ဘယ်လိုနေထိုင်နေသလဲ၊ ဘေးကင်းစိတ်ချရရဲ့လား စသဖြင့် အကြိမ်ကြိမ်းမေးမြန်းခဲ့ပေမယ့် တိုက်ရိုက်အဆက်အသွယ် ဘာတစ်ခုမှ မရခဲ့ဘူးလို့ ထပ်မံ ပြောပါတယ်။

စစ်တပ်ရဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့၊ ယုံကြည်နိုင်ဖွယ်မရှိတဲ့ လုပ်ဆောင်မှုတွေက ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သေးရဲ့လားဆိုတာကို လုံးဝတိတိကျကျ မသိရှိရုံတင်မကဘဲ သံသယတွေကို ပိုမိုနက်ရှိုင်းလာစေတယ်လို့လည်း ကိုထိန်လင်းက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့အရပ်သားအစိုးရခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မတရားတဲ့စွဲချက်တွေနဲ့ ထောင်ဒဏ် ၃၃ နှစ် ကနဦးချမှတ်ခဲ့တာပါ။ အဲဒီလိုချမှတ်ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့အပေါ် မတရားချမှတ်ထားတဲ့ ထောင်ဒဏ်နှစ်တချို့ကို လျော့ပေါ့ခဲ့ပေမယ့် နှစ် ဘယ်လောက် ကျန်ရှိတယ်ဆိုတာ ပွင့်လင်းမြင်သာမှုရှိစွာ တရားဝင်ထုတ်ပြန်ကြေညာတာမရှိပါဘူး။ ရှေ့နေတချို့ရဲ့ တွက်ချက်မှုအရ အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်တပ်က နှစ် ၂၀ ကျော် ထောင်ဒဏ် ချမှတ်ထားဆဲလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ကိုယ့်သူသမ္မတခန့်အပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ကို နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစေခဲ့တာတော့ မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းက သူ့မိခင်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ ICRC၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေလို ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်း၊​ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခွင့်ပေးပြီး အသက်ရှင်သေးကြောင်း သက်သေပြဖို့လည်း တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook