မေ -၂၂၊၂၀၂၆။ဖိုးသား/People’s Spring
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ မကွေးတိုင်း၊မင်းတုန်းမြို့နယ်ကို စစ်တပ်က အင်အား ဖြည့်နေတာကြောင့် သရက် -မင်းတုန်းလမ်းမကြီးကို အသုံးပြုခွင့်ပိတ်ပြီလို့ သရက်ခရိုင်အမှတ် (၄) တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် ရခိုင်ရိုးမအနီးက မင်းတုန်းမြို့နယ် ပြောင်း ၊သဖန်ရောင်နဲ့ ထန်ပင်ကုန်းရွာတွေမှာ စစ်တပ်က အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးတပ်စွဲနေတယ်လို့ ဆိုပါတယ်။
“စစ်တပ်က သရက်-မင်းတုန်းလမ်းပိုင်းကို သုံးပြီး မင်းတုန်းကို ပို့တာ ဖြစ်တဲ့အတွက် ဒီလမ်းပိုင်းမှာ ဖြတ်တောက်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက် လမ်း ပိတ်တယ်ဆိုတာ ပြည်သူကိုအသိပေးပါတယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
ဒီကနေ့(မေလ ၂၂ ရက်)ကစပြီး သရက်-မင်းတုန်း လမ်းမကြီးကို အသုံးမပြုဖို့နဲ့ ကျန်းမာရေးကိစ္စ ကြောင့် မဖြစ်မနေသွားဖို့လိုရင် သက်ဆိုင်ရာတပ်ရင်း တပ်ဖွဲ့တွေကို ချိတ်ဆက်ပြီး ခွင့်ပြုချက်ယူ ဖြတ်သန်းဖို့လည်း အသိပေးပါတယ်။
သရက်မြို့နယ်ကတဆင့် မင်းတုန်းမြို့နယ်ကို ပို့နေတဲ့ အင်အားတွေအရ သရက်မြို့နယ် အခြေစိုက် အမှတ်(၄၄) ခြေလျင်တပ်ရင်း၊အမှတ် (၁၂) ကာကွယ် ရေးပစ္စည်းစက်ရုံ (ကပစ ၁၂)၊မကွေးမြို့နယ်အခြေစိုက် တပ်မ(၈၈)နဲ့ ပြည်မြို့အခြေစိုက် တပ်မ (၆၆)လက်အောက်ခံ တပ်ရင်းတွေပါတယ်လို့ သိရပါတယ်။
“မင်းတုန်းမြို့နယ်ထဲကို အင်အားထောင်ဂဏန်းနီးနီး လက်ရှိ တွက်ကြည့်မယ်ဆိုရင် ၈၀၀ ၀န်းကျင် လောက်ရှိတယ်။အင်အားပို့ ပြီး စစ်ကြောင်းထိုးတာရှိတယ်။ပြီးခဲ့တဲ့ လေးလပိုင်းကတည်းက မင်းတုန်းမြို့နယ် ရခိုင် ရိုးခြေတွေဖြစ်တဲ့ပြောင်း ကျေးရွာ၊ထန်းပင်ကုန်းနဲ့ သဖန်ချောင်မှာလည်း အင်အား ၂၀၀ လောက် ရောက်နေတာ ရှိတယ်”လို့ သရက်ခရိုင်အမှတ်(၄)တာဝန်ရှိသူက ပြောပါတယ်။
ရခိုင်ရိုးမတဝိုက် မင်းတုန်းမြို့နယ်ကျေးရွာဒေသခံတွေကို ဆန်အပါအဝင် စားနပ်ရိက္ခာသယ်ယူခွင့် မပြုတာ နဲ့ ကျေးရွာဝင်ထွက်ခွင့်ကို စစ်တပ်ကကန့်သတ်ထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။
“မင်းတုန်းမြို့နယ်ထဲက မထိန်းချုပ်မစိုးမိုးနိုင်သေးတဲ့ နေရာတွေကို ပြန်လည်စိုးမိုးထိန်းချုပ်ရေးနဲ့ နောက် မင်းတုန်းမြို့နယ်က ရခိုင်ရိုးနဲ့ ဆက်နေတဲ့အတွက် ရခိုင်ဘက်ကို ၀င်တဲ့လမ်းတွေကို ပိတ်ဆို့ချင်တာမျိုး”လို့ စစ်တပ် တပ်စွဲအင်အားဖြည့်တာနဲ့ပတ်သက်ပြီး မင်းတုန်းမြို့နယ်သတင်းရင်းမြစ်က သုံးသပ်ပါတယ်။
မင်းတုန်းမြို့နယ်ရဲ့အနောက်ဘက်တွင် ရခိုင် ပြည်နယ်တောင်ကုတ်မြို့ရှိပြီး အာရက္ခတပ်တော် (AA) က ၂၀၂၄ နိုဝင်ဘာကတည်းက သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။


















































