မေ-၂၇၊ ၂၀၂၆။ဟာနာဆန်/People’s Spring
အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ပြည်သူတွေ ဆင်းရဲကျပ်တည်းမှု အခြေအနေ ဘယ်လောက်ထိ ရှိနေပြီဆိုတာကို အညာက မင်္ဂလာဆောင်ဖိတ်စာတစ်ခုက ပြသနေပါတယ်။
စစ်ကိုင်းတိုင်းက “ဒီမိုကရေစီကူညီကြသူများကွန်ရက်”အဖွဲ့(HPD)ရဲ့ တည်ထောင်သူ ဦးစိုးဝင်းဆွေက ၎င်းရဲ့Facebook လူမှုကွန်ရက်မှာ လက်ရေးနဲ့ ရေးသားထားတဲ့ ဖိတ်စာတစ်ခု တင်ခဲ့ပါတယ်။
အဲဒီဖိတ်စာဟာ ပြီးခဲ့တဲ့ မေလ ၂၄ ရက်က အညာဒေသတနေရာမှာ ပြုလုပ်ခဲ့တဲ့ မင်္ဂလာဆောင်ဖိတ်စာ တစ်စောင်ပါ။ ဖိတ်စာဟာ သာမန်မြင်နေကျ ပုံနှိပ်စက်မှာရိုက်နှိပ်ထားတဲ့ ဖိတ်စာမျိုး မဟုတ်ပါဘူး။

Public Service Announcement
ဗလာစာရွက်လွတ်တစ်ရွက်ပေါ်မှာ နှစ်ဖက်မိဘနဲ့ သတို့သားသတို့သမီးနာမည်တွေ၊ ပွဲကျင်းပမယ့်နေ့ရက်နဲ့ နေရာတွေကို လက်ရေးနဲ့သာ ရေးသားဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။
“မအလ ခေတ်မှာ အညာပြည်သူတွေဘယ်လောက်ရှားပါးပြတ်လပ်၊ ဆင်းရဲကြပ်တည်း သွားကြသလဲဆိုတော့ မင်္ဂလာဆောင်ဖိတ်စာတောင် ဗလာစာရွက်ပေါ်ရေးပြီး ဝေရတဲ့ဘဝ ရောက်သွားပြီ။”လို့ ဦးစိုးဝင်းဆွေက ရေးသားထားပါတယ်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု မြင့်တက်လာပြီး လူလတ်တန်းစားတွေ ပျောက်ကွယ်လာလျက်ရှိကြောင်း၊ နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုမှာ နိုင်ငံ့လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာခဲ့ပြီး လူလတ်တန်းစားများ ပျောက်ကွယ်လာကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ၊ စီးပွားရေးနှင့် လူမှုရေးကောင်စီရဲ့ဖွံ့ဖြိုးရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှု နောက်ဆက်တွဲအစည်းအဝေးမှာ ပြောကြားခဲ့ဖူးပါတယ်။
အထူးသဖြင့်အညာမှာတော့စစ်တပ်ကစစ်ကြောင်းတွေထိုးပြီးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ပြည်သူတွေကိုဖမ်းဆီးသတ်ဖြတ်အကြမ်းဖက်တာတွေလုပ်တဲ့အတွက် စစ်ကြောင်းတွေလာရင်ပြည်သူတွေကထွက်ပြေးနေကြရပါတယ်။ရွာတွေမှာလူမရှိရင်လည်းစစ်တပ်က အိမ်တွေကိုဖျက်ဆီးတာ၊အိမ်တွေကအဖိုးတန်ပစ္စည်းတွေခိုးယူတာတွေလုပ်ပညတယ်။ နိုင်ငံတစ်ဝန်းနေအိမ်ပေါင်း တစ်သိန်းကျော် စစ်တပ် ကမီးရှို့ဖျက်ဆီးခဲ့တာမှာ စစ်ကိုင်းတိုင်းကအများဆုံးဖြစ်ပါတယ်။

















































