ဇွန် ၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး အမြန်အကောင်အထည်ပေါ်လာစေဖို့ စစ်အုပ်စုကို နည်းလမ်းမျိုးစုံနဲ့ ဖိအားပေးကြဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအား တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီကနေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၈၁နှစ်မြောက် မွေးနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာပြည်သူလူထုတရပ်လုံးရဲ့ ဆန္ဒနဲ့အညီ ပြည်သူ့တော်လှန်ရေးကို အောင်မြင်စွာ အဆုံးသတ်နိုင်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရမယ့် ကိစ္စရပ် သုံးရပ်ရှိကြောင်း ကြေညာချက်မှာ ဖော်ပြ အသိပေးခဲ့တာဖြစ်ပါတယ်။
အဲဒီ သုံးချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး။ ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုများအား အမြန်ဆုံး ရပ်တန့်ရေး၊ မျိုးဆက်သစ်လူငယ်များအား အဓမ္မစစ်သားစုဆောင်းနေသည့် ကိစ္စရပ်များအား အမြန်ဆုံး ရပ်တန့်ရေး စတဲ့ စစ်ကောင်စီတပ်က ကျူးလွန်နေတဲ့ အချက်တွေကို ဖော်ပြထားပါတယ်။

Public Service Announcement
“မိမိတို့အနေဖြင့်လည်း အထက်ပါ ကိစ္စရပ်များအပါအဝင် တော်လှန်ရေး၏ရည်မှန်းချက်များ ပြီးမြောက် အောင်မြင်ပြီး ပြည်သူလူထု တရပ်လုံး၏ မျှော်ရည်ချက်ဖြစ်သည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင် နိုင်ရေးကို မဟာမိတ်အင်အားစုများ အားလုံးဖြင့် ညီညွတ်စွာ လက်တွဲလျက် အစွမ်းကုန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခါသမယတွင် လေးနက်တည်ကြည်စွာဖြင့် ကတိသစ္စာ ပြုအပ်ပါသည်။” လို့ CRPH နဲ့ NUG တို့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)ကလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ နိုင်ငံရေးသဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ရာ စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းမှုကို လုံးဝလက်မခံဘဲ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းသည်အထိ တော်လှန်ရေးအင်အားစုအားလုံးနဲ့ လက်တွဲတိုက်ပွဲဝင်မယ်လို့ ဖော်ပြပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် ဆက်လက် ကြိုးပမ်းသွားမယ်လို့ ဖော်ပြထားပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်များ အားလုံး ပါဝင်သော “စုပေါင်းခေါင်းဆောင်မှု” (Collective Leadership) ဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
“နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့တွင် ကျွန်ုပ်တို့ ပေးအပ်နိုင်သော အကောင်းဆုံးကတိကဝတ်သည် အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်လည်ရောက်ရှိစေမည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အတူတကွ တည်ဆောက်ပြနိုင်ခြင်းပင် ဖြစ်ပါသည်” လို့လည်း NUCCက ထုတ်ပြန်ပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့ ဆုတောင်း သဝဏ်လွှာကို ထုတ်ပြန်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင်အဆက်ဆက်တို့ရဲ့ နှစ်ပေါင်းကြာရှည် မတရားဖမ်းဆီးချုပ်နှောင်မှုများကြားက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ပြည်သူလူထု၏ လွတ်လပ်မှုအခွင့်အရေးများ စစ်မှန်စွာ ရရှိစေရေးအတွက် ယနေ့ထက်တိုင် ပြည်သူလူနဲ့အတူ ရပ်တည် ရုန်းကန်တိုက်ပွဲဝင်နေသောနိုင်ငံရေးခေါင်းဆောင် ဖြစ်ကြောင်း ဖော်ပြပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍသည် ယနေ့ထက်တိုင် အစားထိုး မရနိုင်လောက်အောင်ပင် အရေးပါနေဆဲဖြစ်ဟု ထုတ်ပြန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ အမြန်ဆုံးပြန်လည် လွတ်မြောက်ရေးအတွက် ပြည်သူလူထုနဲ့ အတူ လက်တွဲ၍ နည်းလမ်းမျိုးစုံဖြင့် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
ယနေ့မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေသည် “ပြည်သူသည်သာ အဓိက” ဆိုသည့်အတိုင်း ပြည်သူလူထု တခဲနက် ပါဝင်ရုန်းကန်တိုက်ပွဲဝင်လျက်ရှိနေသော “နွေဦးတော်လှန်ရေး”ကို အောင်မြင်အောင် ဆင်နွှဲခြင်းသည်သာ စစ်အာဏာရှင်စနစ်ဆိုးကို အပြီးတိုင်ဖြိုချနိုင်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ ပြည်သူလူထုအားလုံး၏ လွတ်မြောက်မှုအစစ်အမှန်ကို ဆောင်ကြဉ်းပေးနိုင်မယ်လို့လည်း ဖော်ပြထားပါတယ်။


















































