ဇွန်-၂၉၊၂၀၂၆။စိုင်းနောင်/People’s Spring
ဘင်္ဂလားပင်လယ်အော်မှာ လာမယ့်ဇူလိုင်လဆန်းအတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်သလို ကချင်ပြည်နယ်မှာ မိုးကြီးနေပြီး ရေဘေးကြုံတွေ့ခဲ့တဲ့ မြို့နယ်တွေမှာ ရေပြန်တက်လာလို့ ဒေသခံတွေစိုးရိမ်နေကြပါတယ်။
ဖားကန့်၊ နမ္မတီး၊ မိုးကောင်း၊ မိုးညှင်းမြို့နယ်တွေမှာ ရေပြန်တက်လာပြီး ဖားကန့်မြို့နယ်အတွင်း တကျော့ပြန်ရေ ဘေးကြုံတွေ့နေပါတယ်။
“ဥရုချောင်းရေက ပြန်တက်လာပြီး ရပ်ကွက်တချို့မှာရေပြန်ဝင်နေတယ်။ ပထမရေဘေးကကျရုံပဲရှိသေးတာ။ရက်ပိုင်းအတွင်းနောက်ထပ်ရေ ဘေးကြုံနေရပါတယ်။ မိုးကလည်းဆက်ကောင်းနေတယ်”လို့ ဖားကန့်မြို့နယ်၊ ငှက်ပျောတောရပ်ကွက်မှာနေထိုင်သူတဦးကပြောပါတယ်။

Public Service Announcement
ဖားကန့်မှာဇွန် ၂၇ရက်နေ့ညက မိုးကြီးပြီး ကမ်းပါးပြိုမှုနဲ့ နွံကန်ပြိုကျမှုတွေဖြစ်ခဲ့ပါတယ်။နန့်မှော်ရွာမှာ ကမ်းပါးပြိုလို့ လူဆယ်ဦးထက်မနည်းပျောက်ဆုံးခဲ့ပြီး ၇ဦးရဲ့ရုပ်အလောင်းကိုပဲပြန်လည်ရှာတွေ့ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဖားကန့်မှာ ဇွန်လ ၁၄ရက်ကနေစပြီး ရေကြီးခဲ့တာပါ။ ဇွန်လ ၂၂ရက်မှာ ရေပြန်ကျပေမယ့် ယခုတခါ နောက်တစ်ကြိမ်ရေ ဘေးကြုံတွေ့တာဖြစ်ပါတယ်။ ပထမအကြိမ်ရေကြီးစဉ်က ဇွန်လ၁၆ရက်နေ့နဲ့ ဇွန်လ၂၁ရက်နေ့မှာ တောင်ကျ ရေနဲ့ မြေပြိုလို့ လူနှစ်ဦးသေဆုံးခဲ့ပါတယ်။ လက်ရှိမှာလည်း လူနေကျေးရွာနဲ့ရပ်ကွက်တွေအတွင်း တောင်ကျ ရေတွေဆင်းနေလို့ အန္တရာယ်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဇွန်လ၂၇ရက်နေ့ကဖြစ်စဉ်မှာ စွန့်ပစ်မြေစာပုံတွေကနေဖြစ်တဲ့ နွံကန်ပြိုကျပြီး လူနေကျေးရွာတွေထဲကို ရွံ့နွံတွေနဲ့ရေတွေ စီးလာလို့ ထိခိုက်ပျပျက်စီးမှုများပြားတယ်လို့ ဒေသခံတွေကပြောပါတယ်။
နမ္မတီးမြို့မှာလည်း မနေ့က ချောင်းရေမြင့်တက်လာပြီး ကလေးငယ်တဦးရေနစ်သေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။ ဇွန်လလယ်ကရေဘေးကြုံတွေ့ခဲ့တဲ့မိုးကောင်းမြို့မှာလည်း ရေပြန်မြင့်တက်လာနေပါတယ်။
ကချင်ပြည်နယ်အထက်ပိုင်းဒေသဖြစ်တဲ့ ပူတာအိုမြို့နယ်မှာ ယခုရက်ပိုင်းမိုးကြီးနေပြီး အောက်ပိုင်းဒေသတွေရေ ဘေးသတိပြုကြဖို့ မြို့ခံတွေကသတိပေးနေကြပါတယ်။ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာစိုးရိမ်ရေမှတ်ကိုတက်မလာသေးပေမယ့် ပုံမှန်ထက်ရေများနေပြီလို့ သတင်းရရှိပါတယ်။
ပဲခူးတိုင်းထဲကတောင်ငူမြို့အပါအဝင်မြို့နယ်အချို့နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကမူဆယ်မြို့မှာလည်း ဇွန်လ၂၈ရက်နေ့ ဒီနေ့ဇွန်လ၂၉ရက်နေ့မနက်ပိုင်းမှာ မိုးကြီးပြီး ရပ်ကွက်အချို့ လမ်းပေါ်ရေကျော်နေတယ်လို့ သတင်းရရှိပါတယ်။
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဇူလိုင်လ(၄)ရက်နေ့ကစပြီး လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင်လို့ မြန်မာနိုင်ငံမှာမိုးဆက်ကောင်း နိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ဒီနေ့ ဇွန်လ၂၉ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ယခုရက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းနေရာအနှံ့အပြား မိုးရွာနိုင်ပြီး ဇူလိုင်လ ၃ရက်နဲ့ ၅ရရက်မှာ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ မိုးကြီးနိုင်တယ်လို့သတိပေးထားပါတယ်။မိုးကြီးလို့ဖြစ်နိုင်တဲ့ရေဘေးအပြင် လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက် ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ကမ်းပါးပြိုခြင်းတွေ အထူးသတိပြု နေထိုင်ကြဖို့ MoSLHAက သတိပေးထားပါတယ်။


















































