ဇူလိုင် ၂၊ ၂၀၂၆ ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ မိတ္ထွီလာမြို့မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေဆိုးရွားနေလို့ ပြည်သူတွေမထွက်ရဲတော့တာကြောင့် မူးယစ်ဆေးဝါး ရောင်းတဲ့အဖွဲ့ကို ပေါ်တာဆွဲတဲ့အဖွဲ့ဆိုပြီး စစ်တပ်က အယောင်ပြဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်ကတည်းက မိတ္ထီလာမြို့မှာ လူငယ်အများအပြား ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရပြီး တစ်မြို့လုံး နေအိမ်ကအိမ်ပြင်မထွက်ရဲတော့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၃ဝ ရက်မှာတော့ စစ်တပ်က ပေါ်တာဆွဲငွေတောင်းနေတဲ့ ပြည်သူ့စစ် ၄ ဦးကို ဖမ်းဆီးရမိတယ်လို့ သတင်းလွှင့်ပါတယ်။
ဒါပေမယ့် တစ်မြို့လုံး အပြင်မထွက်တော့ဘဲ စီးပွားရေးလုပ်ငန်းတွေကအစ ရပ်ဆိုင်းလိုက်ရတာကြောင့် မူးယစ်ဆေးဝါးသမား ပျူစောထီးတွေကို အဖမ်းပြလိုက်တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
“တပ်မကြီးရှိတဲ့မြို့ ပစ တွေ မဘသ တွေစုပြုံနေတဲ့မြို့ဒီလိုမြို့ကြီးမှာ ပြောင်ပြောင်တင်းတင်းပေါ်တာဆွဲနေတဲ့လူပြန်ပေးဂိုဏ်းကိုမူးယစ်ဆေးတွေနဲ့မိတယ်ဆိုတော့ ပေါ်တာဆွဲတာ လိုအပ်သလောက်ရပြီမို့လို့ အဖမ်းပြတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပေါ်တာဆွဲတဲ့သူတွေကို ဖမ်းဆီးလိုက်တယ်လို့ သတင်းတွေလွှင့်နေပေမဲ့ မနေ့ကအထိ မြို့အဝင်ဂိတ်မှာ ဖမ်းဆီးခံရသူတွေ ရှိနေဆဲဖြစ်ကြောင်း၊ မြို့ဟာလည်း လူသွားလူလာနည်းပါးနေဆဲဖြစ်ကြောင်း မိတ္ထီလာမြို့ခံတွေက ပြောပါတယ်။
မိတ္ထီလာမြို့မှာ လေတပ်စခန်းဌာနချုပ်၊ တပ်မ (၉၉)ခြေလျင်တပ်မဌာနချုပ် (တမခ ၉၉)၊ အမှတ်(၇၀၇) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၁) ရှေ့တန်းအခြေချ ထောက်ပံ့နဲ့ ပို့ဆောင်ရေးတပ်ရင်း (ရထပ-၁) အပါအဝင် အထူးစစ်ဆင်ရေးဆိုင်ရာ ထောက်ပို့တပ်ဖွဲ့များအပါအဝင် စစ်ကောင်စီတပ်တွေ အများအပြားရှိတဲ့ မြို့ဖြစ်ပါတယ်။
တပ်မြို့တော်ဖြစ်တာကြောင့် ယခင်က ပေါ်တာဆွဲတွေ နည်းပါးခဲ့ပေမဲ့ ယခုအခါ အင်အားလိုအပ်ချက်ကြောင့် တပ်မြို့တော်ပါမချန် ပေါ်တာဆွဲလာတာဖြစ်ကြောင်း ဒေသခံတွေက မှတ်ချက်ပြုပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်ဟာ လာမယ့် ဇူလိုင်မှာ စစ်မှုထမ်းအပတ်စဥ် (၂၆)ကို စတင်ဖို့ ကြိုးစားနေပါတယ်။


















































