ဇူလိုင်-၃၊၂၀၂၆။ဇော်၀င်း /People’s Spring
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က တင့်ကားတွေပါ အသုံးပြုနေပြီး ကြည်းနဲ့လေ ပူးပေါင်းထိုစစ်ဆင်နေတယ်လို့ နေပြည်တော်တိုင်းစစ်ဌာနတိုင်း တာ၀န်ခံဗိုလ်လကျာ်က ပြောပါတယ်။
စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက စစ်ရေးအရအရေးပါတဲ့ ဆွာမကြီးတပ်စခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ပြီးနောက် စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ဆင်မှုကြောင့် နေ့စဉ်နီးပါးတိုက်ပွဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
“ဇွန်လတစ်လလုံးနီးပါးမှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲ ဖြစ်ခဲ့တယ်။ရန်သူက လေကြောင်းသုံးတယ်၊ဒရုန်းတွေ အများအပြားသုံးတယ်။အဓိကတော့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ၈၁ မမ နဲ့ အနောက်ဘက်ကမ်းမှာရှိတဲ့ ၁၂၀ မမ ဟောင်၀စ်ဇာသုံးတယ်။တင့်ကားတွေ ပေါ်ကလည်း ပစ်တယ်။ဒါတွေ အများအပြားသုံးတယ်။တော်တော်အသည်းအသန်ဖြစ်တဲ့ တိုက်ပွဲ တွေရှိခဲ့တယ်။ဒါက သူတို့လေကြောင်း ကြည်းကြောင်းပေါင်းထိုးတာပေါ့”လို့ ဗိုလ်လကျာ်က ရေတာရှည်တိုက်ပွဲနဲ့ပတ်သက်လို့ ရှင်းပြပါတယ်။

Public Service Announcement
ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းက ပိတောက်ကုန်းကျေးရွာနဲ့ ကျွန်းကုန်းကျေးရွာတွေကို စစ်တပ်စစ်စစ်ကြောင်းထိုးဝင်ရောက်လို့ အဲဒီကျေးရွာတွေ အနီးမှာ တိုက်ပွဲဖြစ်နေပါတယ်။
စစ်ရေးအချက်အလက်တွေအရ ရေတာရှည်မြို့နယ်၊စစ်တောင်မြစ်ဝှမ်းတစ်လျှောက်မှာ စစ်တပ်က ပင်မ အထိုင်စခန်းကြီး ၄ ခု နဲ့ နေရာ ၁၀ ခုထက်မနည်းတပ်စွဲထားပါတယ်။
အထိုင်စခန်းကြီးတွေက ဆွာမကြီးစခန်းကို ဇွန်လ ၃ ရက်မှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲမှာ တကရ (၆၀၁၇) တင့်ကားတပ်ရင်းက ဗိုလ်မှူး ကျော်လင်းအောင် အပါအဝင် စစ်တပ်က ၂၀ ကျော် သေဆုံးတယ်လို့ သိရပါတယ်။
ဒါ့အပြင် နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးနယ်မြေတွေ ဖြစ်တဲ့ ပဲခူးတိုင်း ဆွာမြို့နဲ့ ရေတာရှည်မြို့နယ်က စစ်တောင်းမြစ်အရှေ့ဘက်ကမ်းစစ်ခွင်နဲ့ မကွေးတိုင်း အောင်လံ၊ တောင်တွင်းကြီး၊ နတ်မောက်မြို့နယ်က အလယ်ရိုးမစစ်ခွင်မှာ ဇွန်လတိုက်ပွဲတွေအတွင်း စစ်တပ် ၄၀ ကျော်သေပြီး လက် နက် ၁၈ လက်ရတယ်လို့ နေပြည်တော် PDF က ဇူလိုင် ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ရေတာရှည်တိုက်ပွဲမှာ တော်လှန်ရေးဘက်ကလည်းရဲဘော်တချို့ ထိခိုက်ကျဆုံးတာရှိပြီး စစ်တပ်က နေအိမ်တွေကို မီးရှို့တာအပြင် ဘုရားဆင်တုတော်ပါမချန်ခိုးယူနေတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။
စစ်တပ်စစ်ကြောင်းတွေက ပိတောက်ကုန်း၊ နဂျပ်နဲ့ အင်းကြီးပေါက် ကျေးရွာတွကို မီးရှို့တာအပြင် လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၁၀ ရွာ၀န်းကျင်က ဒေသခံ ၂၀၀၀ ကျော် စစ်ရှောင်နေကြရပါတယ်။
ရေတာရှည်မြို့နယ် စစ်ဘေးရှောင်ကူညီရေးအချက် အလက်တွေအရ ပိတောက်ကုန်း၊ အိုးမြေတူး၊စီပိုင်း၊ရှမ်းရွာလေး၊ကျွန်းကုန်း၊အင်းကြီးပေါက်၊ခင်တန်းရွာသစ်၊တောင်အင်းကုန်း၊ကြာအင်းကုန်းနဲ့ ကျိပ်ပတီးရွာက ဒေသခံတွေ စစ်ရှောင်နေကြတာဖြစ်ပါတယ်။
















































