Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတကာရဲ့ပျက်ကွက်မှုကြောင့် စစ်တပ်က ပြည်သူတွေအပေါ် ရာဇဝတ်မှုကျူးလွန်ဖို့ ပိုရဲတင်းလာခဲ့ဟု KHRW ထုတ်ပြန်

နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်ကောင်စီထံ ရောက်ရှိနေတဲ့ လေယာဉ်ဆီနဲ့ လက်နက်၊ ငွေကြေး အရင်းအမြစ်များကို ပိတ်ဆို့အရေးယူဖို့ ပျက်ကွက်တာဟာ ကြားနေဆုံး ဖြတ်ချက်တစ်ခု မဟုတ်ဘဲ စစ်တပ်က အရပ်သားများကို ဆက်လက်ဗုံးကြဲ သတ်ဖြတ်ဖို့ တက်ကြွစွာ ခွင့်ပြုပေးလိုက်တဲ့ ဆုံးဖြတ်ချက်ပင် ဖြစ်ကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) ထုတ်ပြန်ခဲ့ပြီး စစ်တပ်က လူသားမဆန် ရက်စက်တဲ့ လုပ်ရပ်တွေ ပိုမိုဆိုးရွားစွာ ကျူးလွန်နေတာကို မီးမောင်းထိုး ဖော်ပြခဲ့ပါတယ်။

(၂၀၂၆ ဧပြီ ၉ ရက်မှာ စစ်တပ်က ဖားကန့်မြို့နယ်၊ အမှိုက်ပုံရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်အပြီး မြင်ကွင်း။ ဓာတ်ပုံ - CJ)

ဇူလိုင် ၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်ကောင်စီထံ ရောက်ရှိနေတဲ့ လေယာဉ်ဆီနဲ့ လက်နက်၊ ငွေကြေး အရင်းအမြစ်များကို ပိတ်ဆို့အရေးယူဖို့ ပျက်ကွက်တာဟာ ကြားနေဆုံး ဖြတ်ချက်တစ်ခု မဟုတ်ဘဲ စစ်တပ်က အရပ်သားများကို ဆက်လက်ဗုံးကြဲ သတ်ဖြတ်ဖို့ တက်ကြွစွာ ခွင့်ပြုပေးလိုက်တဲ့ ဆုံးဖြတ်ချက်ပင် ဖြစ်ကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) ထုတ်ပြန်ခဲ့ပြီး စစ်တပ်က လူသားမဆန် ရက်စက်တဲ့ လုပ်ရပ်တွေ ပိုမိုဆိုးရွားစွာ ကျူးလွန်နေတာကို မီးမောင်းထိုး ဖော်ပြခဲ့ပါတယ်။

KHRW ရဲ့ ဒီကနေ့ ဇူလိုင် ၁၃ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်ထားတဲ့ လူသားမဆန်တဲ့ ရက်စက်တဲ့လုပ်ရပ်များ အစီရင်ခံစာမှာ အခုလို ဖော်ပြထားတာပါ။

” အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ (EU) နှင့် အခြားနိုင်ငံများအနေဖြင့် အရေးယူပိတ်ဆို့မှုအသစ်များ မချမှတ်ဘဲ ကုန်ဆုံးသွားသည့် လတိုင်းတွင် ၎င်းတို့သည် စစ်တပ်အား ကလေးငယ်များ၏ နေအိမ်များနှင့် စာသင်ကျောင်းများပေါ်သို့ ပေါင်ရာနှင့်ချီအလေးချိန်ရှိသော ဗုံးများ ဆက်လက်ကြဲချခွင့်ပြုရန် တက်ကြွစွာ ဆုံးဖြတ်နေခြင်းပင် ဖြစ်သည်” ဟု KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျေးကော့ က ပြောပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ နိုင်ငံတကာဥပဒေများကို ထိန်းသိမ်းကာကွယ်ဖို့ ပျက်ကွက်မှုတွေကြောင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့် ဆက်လက်ကျူးလွန်နေသော အာဏာသိမ်း စစ်တပ် (စစ်တပ်)ရဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု များကို ယခု အစီရင်ခံစာနဲ့ မီးမောင်းထိုး ပြသထားပါတယ်။

KHRW ရဲ့ မှတ်တမ်းတွေအရ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ပြထားရာ လက်ရှိမှာ ကချင်ပြည်နယ်အတွင်း လူဦးရေ နှစ်သိန်းခွဲ နီးပါး နေ့ရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း၊ ၂၀၂၅ အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ ဒရုန်းတိုက်ခိုက်မှုများနဲ့ လက်နက် ကြီးပစ်ခတ်မှုများကြောင့် ဒေသတွင်းမှာ လူ ၁၃၀ ကျော် သေဆုံးခဲ့ ကလေးငယ်တွေလည်း ပါဝင်ကြောင်း ဖော်ပြထားပါတယ်။

စစ်တပ်ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို စစ်လက်နက်သဖွယ် အသုံး ချကာ အကူအညီပေးပို့မှုများကို ပိတ်ပင်တားဆီးခဲ့သလို အင်တာနက်နဲ့ မိုဘိုင်းဖုန်းဆက်သွယ်ရေးများကို ဖြတ်တောက်ထားခြင်းကြောင့် သတင်းအချက် အလက်များကို နိုင်ငံတကာအသိုက်အဝန်းထံ အချိန်မီ မရောက်ရှိစေဘဲ အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးပို့ရေးကိုလည်း နှောင့်နှေးစေခဲ့တယ်လို့ ဖော်ပြပါတယ်။

၂၀၂၅ မတ်လ စစ်ကိုင်းငလျင်ကြီးအပြီး ယာယီအပစ်အခတ်ရပ်စဲထားတဲ့ ကာလမှာပင် စစ်တပ်ဟာ တိုက်ခိုက်မှုတွေ ရာချီ ပြုလုပ်ခဲ့သလို ၂၀၂၅ နှစ်ကုန်မှာ စတင်ခဲ့တဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ မတိုင်မီကာလအတွင်း စစ်တပ်ဟာ တိုက်ခိုက်မှုများကို ပိုမိုအရှိန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် သွားလာခွင့်ကန့်သတ်ချက်များကြောင့် အခုအစီရင်ခံစာမှာ မှတ်တမ်းတင်ထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ လက်တွေ့ဖြစ်ပွားနေသော ချိုးဖောက်မှုတွေရဲ့ အနည်းငယ် သော အစိတ်အပိုင်းကိုသာ ကိုယ်စားပြုကြောင်းလည်း ဖော်ပြထားပါတယ်။

စစ်တပ်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို စစ်လက်နက်တစ်ခု အဖြစ် ရည်ရွယ်ချက်ရှိရှိ ဖန်တီးအသုံးချနေပြီး ဒါဟာ ဗုံးများနဲ့ ကျည်ဆန်များထက်ပင် ပိုမိုအန္တရာယ်ကြီးမားသော စစ်လက်နက်တစ်ရပ် ဖြစ်လာနေကြောင်း KHRWက ထောက်ပြထားပါတယ်။

စစ်အုပ်စုဟာ အများပြည်သူသုံးနေရာဖြစ်တဲ့ ကျောင်းများ၊ ဆေးရုံများနဲ့ စစ်ဘေးရှောင်ပြည်သူများ (IDPs) ခိုလှုံနေသည့် နေရာများအပါအဝင် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက် လျက်ရှိပါတယ်။

စစ်ဘေးရှောင်ပြည်သူအများအပြားဟာ အကြိမ်ကြိမ်ထပ်မံထွက်ပြေးတိမ်း ရှောင်နေရသဖြင့် စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိဖို့ ခက်ခဲလာသလို ကလေးတွေရဲ့ ပညာသင်ကြားခွင့်လည်း ပြင်းထန်စွာ ထိခိုက်လျက်ရှိကြောင်း KHRWက ထုတ်ပြန်ပါတယ်။

မြန်မာစစ်အုပ်စုရဲ့လူသားချင်းစာနာထောက်ထားမှု အကူအညီများအပေါ် ပိတ်ဆို့တားဆီးမှု များကြောင့် အကူအညီရောက်ရှိနိုင်မှုမှာ အလွန်ကန့်သတ်ခံထားရပြီး၊ အင်တာနက်နှင့် ဖုန်းဆက်သွယ် ရေးများကို ဖြတ်တောက်ထားခြင်းက စစ်ဖြစ်ပွားရာဒေသများအတွင်း ထောက်ထားမှု အကူအညီပေးပို့ရေးကို ပိုမိုခက်ခဲစေကြောင်း ဖော်ပြပါတယ်။

စစ်အုပ်စုအပေါ် ထိရောက်သော တာဝန်ခံမှုနဲ့ အရေးယူမှု မရှိတာဟာစစ်သားများကို ပိုမိုဆိုးရွားသော ရာဇဝတ်မှုများ ကျူးလွန်ရန် ရဲတင်းလာစေခဲ့ဟု KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျေးကော့က ပြောပါတယ်။

အမျိုးသမီးများနဲ့ ကလေးများအပါအဝင် အပြစ်မဲ့ပြည်သူတွေဟာ နောက်ထပ်တိုက်ခိုက်မှုများ ဖြစ်ပွားလာမှာကို စိုးရိမ်ကြောက်ရွံ့စွာ နေထိုင်နေရဟုလည်း အသိပေးပါတယ်။

“မည်သူတစ်ဦးတစ်ယောက်မျှ လုံခြုံသည် ဟု မခံစားနိုင်ပါ။ လူ့အခွင့်အရေးချိုးဖောက်မှုများကို အမိန့်ပေးသူများနှင့် ကျူးလွန် သူများကို တရားမျှတမှုအောက်သို့ ရောက်ရှိစေရန်နှင့် စစ်တပ်ထံသို့ လက်နက်များနှင့် လေယာဉ်ဆီများ စီးဆင်းနေမှုကို ရပ်တန့်စေရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အရေးပေါ် ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်နေပြီ ဖြစ်ပါသည်။” လို့ ကိုဂျေးကော့က ပြောပါတယ်။

ကချင်အပါအဝင် နိုင်ငံတဝန်း စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေဟာ မလွဲမသွေ ဖြစ်နေတာမျိုး မဟုတ်ဘဲ နိုင်ငံတကာအသိုက်အဝန်းရဲ့ ထိရောက်တဲ့ အရေးယူမှု မရှိတာကြောင့်ဆက်လက်ဖြစ်ပွားနေတာလို့လည်း KHRW က ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်နိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့မှု ပိတ်ပင်ရေး (Global Arms Embargo) ကို ချက်ချင်းချမှတ်ရမှာ ဖြစ်ပြီး လေယာဉ်ဆီ တင်ပို့မှုအပေါ် ပစ်မှတ်ထားသော အရေးယူပိတ်ဆိုမှုများကိုလည်း ချမှတ်ရမယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် တိုက်ခိုက်မှုများကို အမိန့်ပေးသူတွေနဲ့ ကျူးလွန်သူများကို တရားဥပဒေအရ အရေးယူ ဆောင်ရွက်ခြင်းဖြင့်သာ မြန်မာနိုင်ငံရှိ ပြည်သူအားလုံးအတွက် လုံခြုံမှုနဲ့ လွတ်လပ်ခွင့်ကို အာမခံနိုင်မယ်လို့ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲပြန်ဖြစ်လာနိုင်တယ်လို့ သတင်းတွေထွက်နေစဉ်မှာ ကျောက်မဲမြို့ကပေါ်ကနေ အဏာသိမ်းစစ်တပ်က ဒီက​နေ့မှာ တိုက်လေယာဉ်အနိမ့်ပျံပြီးခြိမ်းခြောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်က ကျောက်တိုင်မှတ်တိုင်အနီးမှာ ဇူလိုင် ၁၁ရက်ညပိုင်းက လူငယ် ၁ဦးကို စစ်သားတွေက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။