ဇူလိုင်၂၀၊ ၂၀၂၆။ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
ရေစကြိုမြို့နယ်၊ ဖူလုံရွာအခြေစိုက် အမှတ်(၂၅၆)ခြေလျင်တပ်ရင်းခလရ(၂၅၆)က အာဏာသိမ်းစစ်တပ်ဟာ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ နေ့စဥ်ရမ်းသမ်းပစ်ခတ်နေကြောင်း၊ ဇူလိုင် ၁၇ ရက် မနက် ၁ နာရီခွဲခန့်က ၃ လုံး၊ ဇူလိုင် ၁၈ ရက် မနက် ၄ နာရီခန့်က ၂ လုံး၊ နေ့လယ် ၁၂ နာရီ မိနစ် ၄၀ ခန့်က ၁ လုံးနဲ့ ညနေ ၆ နာရီလောက်မှာ ၃ လုံး အကြောင်းမဲ့ ပစ်ခတ်ခဲ့တယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ထိခိုက်မှုတော့ မကြားရဘူး။ နှစ်ရွာကြားတို့၊ အင်ပြင်ထဲ၊ လယ်ကွင်းတွေထဲ ကျရောက်ပေါက်ကွဲတယ်လို့သိရတယ်”လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
လက်နက်ကြီးကျည်တွေဟာ ကျေးရွာအချို့ရဲ့အနီးဝန်းကျင်တွေမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်ခဲ့ကြတယ်လို့ သိရပါတယ်။
“လက်နက်ကြီးသံကြားရင်ကို လန့်နေကြရတာပဲ။ ကိုယ့်ခေါင်းပေါ်လာကျပြီး ဘယ်ချိန်သေရမလဲလို့ပေါ့။ ကလေး လူကြီး တစ်ရွာလုံးပြောပါတော့။လေယာဉ်သံကြားကြောက်ရ၊ လက်နက်ကြီးသံကြားကြောက်ရနဲ့၊ အတော်ဆိုးပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဇူလိုင် ၉ ရက်ကလည်း ခလရ(၂၅၆)တပ်ကနေ လက်နက်ကြီးနဲ့ပစ်လို့ ခင်မွန်ကျေးရွာအနီး ကျရောက်ပေါက်ကွဲပြီး သက်ကြီးရွယ်အို ၁ဦးအပါအဝင် ပြည်သူ ၂ ဦး နေရာမှာတင် သေဆုံးကာ ကလေးတစ်ဦးအပါအဝင် ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရခဲ့ပါသေးတယ်။
အလားတူ ဇွန်လ ၁၈ ရက်ကလည်း ရွာထောင်ရွာအနီး လက်နက်ကြီးကျပြီး အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့ပါတယ်။ ဇွန်လ ၂၂ ရက်ကလည်း မုံညင်းရွာ ဘုန်းကြီးကျောင်းအနီး လက်နက်ကြီးကျရောက် ပေါက်ကွဲကာ သံဃာတစ်ပါးအပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

















































