ဇူလိုင်၂၃၊ ၂၀၂၆။ဟာနာဆန်/People’s Spring
တောင်ငူအကျဉ်းထောင်မှာ အကျဉ်းသားဦးရေများပြားလာလို့ နိုင်ငံရေးအကျဉ်းသား ၁၀၀ အပါအဝင် အကျဥ်းသား ၅၀၀ ခန့်ကို သာယာဝတီအကျဉ်းထောင် ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။
တောင်ငူအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား ၁၀၀ အပါအဝင် အကျဥ်းသား ၅၀၀ခန့်ကို ထောင်အာဏာပိုင်တွေက တစ်ရက် ကြိုတင်ခေါ်ယူကာ ခြေကျင်းတွေခတ်ပြီး ဒီကနေ့ ဇူလိုင် ၂၃ ရက် မနက် ၃ နာရီခွဲခန့်မှာတော့ ၁၂ ဘီးကားနဲ့ သာယာဝတီထောင် ရုတ်တရက် ခေါ်ဆောင်သွားတာဖြစ်ကြောင်း PPNMက အသိပေးပါတယ်။
ထောင်ပြောင်းချိန် အကျဉ်းသား ၁ဦးကို စောင် (၃) ထည်နဲ့ အင်္ကျီ (၁) စုံသာ သယ်ဆောင်ခွင့်ပြုခဲ့ပြီး ကျန်ရှိတဲ့ ကိုယ်ပိုင်ပစ္စည်းတွေနဲ့ ထောင်ဝင်စာပစ္စည်းတွေကိုတော့ ထောင်အာဏာပိုင်တွေက သိမ်းဆည်းလိုက်ကြောင်း PPNMက ထပ်မံ အသိပေးပါတယ်။

Public Service Announcement
“ဒီတောင်ငူအကျဥ်းထောင်မှာ နေရာကျပ်တည်းတာ၊ အလုံအလောက်မရှိတာကြောင့် သာယာဝတီထောင်ကိုပို့ဆောင်တာလို့ သိရပါတယ်”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။
အကျဉ်းထောင်အတွင်း အကျဉ်းသားတွေကို ခြေကျင်းခတ်တာ၊ ကိုယ်ပိုင်ပစ္စည်းတွေ သိမ်းဆည်းတာနဲ့ မနနက်အစော ရုတ်တရက် ထောင်ပြောင်းရွှေ့တာတွေဟာ အကျဉ်းသားတွေအပေါ် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေ စနစ်တကျ ပြုလုပ်နေတာဖြစ်ကြောင်း PPNMက ဆိုပါတယ်။
ထောင်အပြောင်းအရွေ့ဖြစ်ပေါ်ပါက ထောင်ဝင်စာပို့ရမယ့် ပြင်ပက နိုင်ငံရေးအကျဥ်းသားတွေရဲ့မိသားစုဝင်တွေဟာ အခက်အခဲတွေများစွာ ရင်ဆိုင်ရလေ့ရှိကြောင်း နိုင်ကျဥ်းမိသားစုဝင်တချို့က ပြောပါတယ်။
ဒါ့အပြင် ပြောင်းရွှေ့လိုက်တဲ့ သာယာဝတီအကျဥ်းထောင်ဟာ နိုင်ငံရေးအကျဥ်းသားတွေကို ဖိနှိပ်ရာမှာ နာမည်ကြီးတဲ့ထောင်ဖြစ်ပြီး ထောင်ပြောင်းလာတဲ့ နိုင်ကျဥ်းတွေဆိုရင် ထောင်ဘူးဝမှာတင် ပုံစံထိုင်ခိုင်းပြီး ရိုက်နှက်လေ့ရှိတယ်လို့ သိရပါတယ်။
PPNM အနေနဲ့ ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အကျဉ်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်ဖိနှိပ်နေမှုတွေကို ဆက်လက်စောင့်ကြည့် ဖော်ထုတ်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ထားပါတယ်။


















































