ဇူလိုင်-၂၇၊၂၀၂၆။People’s Spring
အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။
ဖိလစ်ပိုင်မှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ညီလာခံက အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ အဆင့်မြင့် ကိုယ်စားလှယ်တွေက အဖွဲ့ကြီးရဲ့ အစည်းအဝေးတွေမှာ ပါဝင်ပိုင်ခွင့်ကို ဆက်လက် တားမြစ်ထားဖို့ ဆုံးဖြတ်ခဲ့တာပါ။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကူညီဖြေရှင်းဖို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ ညှိနှိုင်း လက်ခံထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာစစ်တပ်က လက်တွေ့ အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အာဆီယံက မြန်မာကိုယ်စားလှယ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။
APHRက အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပေမယ့် အာဏာသိမ်း စစ်တပ်နဲ့ အလွတ်သဘော၊ ဒါမှမဟုတ် တရားဝင် မဟုတ်တဲ့ အခြေအနေမျိုး တွေ့ဆုံနေမှုတွေကိုတော့ ထောက်ပြ သတိပေးခဲ့ပါတယ်။ ဒီအခြေအနေတွေကနေ စစ်တပ်ကို တဖြည်းဖြည်းချင်း အသိအမှတ် ပြုသလို ဖြစ်လာနိုင်ပြီး အဲဒီအတွက်လည်း အကျိုးဆက်တွေ ရိုက်ခတ်လာနိုင်တယ်လို့ APHRက သတိပေးထားပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ညီလာခံတွေမှာ စစ်တပ်က ခန့်အပ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးကို ဖိတ်ကြားခြင်း မရှိဘဲ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ အရာရှိ တစ်ဦးဦးသာ အစားထိုး တက်ရောက်ခဲ့ရပါတယ်။
မကြာသေးခင်က ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးကို မဖိတ်ကြားခဲ့ပါဘူး။ ပြီးတော့ မြန်မာ့အကျပ်အတည်း ကူညီဖြေရှင်းမှုမှာ ဘုံသဘောတူညီချက် ၅ ရပ်ကို အဓိက မူဝါဒအဖြစ် ဆက်လက် ဆုပ်ကိုင်ထားဖို့လည်း ဆုံးဖြတ်ခဲ့ကြပါတယ်။
အာဆီယံ အနေနဲ့ အာဏာသိမ်း စစ်တပ်နဲ့ ဆက်လက်ပြီး ညှိနှိုင်းမှုတွေ၊ ထိတွေ့မှုတွေ လုပ်ဖို့ဆိုရင် လက်ရှိ အကျဉ်းချ ခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်ခွင့်ကို ခြွင်းချက်မရှိ တောင်းဆိုဖို့လည်း APHRက အကြံပြုထားခဲ့ပါတယ်။
အာဆီယံ အနေနဲ့ မြန်မာ့ အကျပ်အတည်းအတွက် အစုအဖွဲ့ပေါင်းစုံ ပါဝင်ပြီး ရေရှည်တည်မြဲမယ့် ဆွေးနွေး ဖြေရှင်းမှုတွေမှာ ဘုံသဘောတူညီချက် ၅ ရပ်ကို အဓိက မူဝါဒ လမ်းကြောင်းအဖြစ် ဆက်လက် သတ်မှတ်ထားပေမယ့် တစ်ဖက်မှာလည်း အာဏာသိမ်း မြန်မာစစ်တပ်ဟာ ဆွေးနွေးမှုတွေအတွင်း ထားရှိခဲ့တဲ့ ကတိကဝတ်တွေကို လေးစား လိုက်နာနေပါတယ် ဆိုတာကို ပြသဖို့ တွန်း
အားပေးရမှာ ဖြစ်ပါတယ်။တွန်းအားပေး
ပေမယ့်ပျက်ကွက်ရင် အကျိုးဆက်တွေနဲ့ ရင်ဆိုင်စေဖို့ လိုအပ်ကြောင်း၊ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက် ဆုပ်ကိုင်ထားဖို့ ဆုံးဖြတ်ထားတာ တစ်ခုတည်းကတော့ ဘာရလဒ်ကောင်းမှ မထွက်ပေါ်နိုင်ဘူး ဆိုတာကို လွန်ခဲ့တဲ့ ၅ နှစ်တာအတွင်းမှာ လက်တွေ့ တွေ့မြင်ခဲ့ရပြီးဖြစ်ကြောင်း မလေးရှား နိုင်ငံကိုယ်စားပြု APHR အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ချားလ်စ် ဆန်တီယေဂိုက ပြောကြားသွားပါတယ်။
ကိုးကား: APHR


















































