သြဂုတ်-၄၊၂၀၂၆။နေ့သစ်/People’s Spring
ဒေါ်အောင်ဆန်းစုကြည် နဲ့ ICRC တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိကြောင်းအတည်ပြုနိုင်တဲ့သက်သေအထောက်အထားဖြစ်ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံလောက်ဘဲ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူတွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန် ဗြိတိန် အစိုးရကဒီကနေ့ ထပ်မံတောင်းဆိုလိုက်ပါတယ် ။
‘‘အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုဟာ သူမရဲ့ မိသားစုဝင်များနဲ့ ထောက်ခံအားပေးသူများအတွက် ကာလရှည်ကြာ မသေချာမှုများ၊ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေခဲ့ပြီးနောက်၊ အသက်ရှင်လျက်ရှိကြောင်း အတည်ပြုနိုင်တဲ့သက်သေအထောက်အထားကို ယူဆောင်လာခဲ့ပါတယ်။ သို့သော် ဒီအချက်တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။

ယူကေအစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်ထိန်းသိမ်းထားခြင်းအပေါ် အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိပြီး၊ သူမ အပါအဝင် မြန်မာနိုင်ငံတွင် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ထပ်မံတောင်းဆိုပါတယ်။ ’’ Baroness Winterton, ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီးလို့ ဗြိတိန်သံရုံးက သြဂုတ် ၄ ရက်မှာထုတ်ပြန်ပါတယ် ။

Public Service Announcement
အလားတူ ဥရောပသမဂ္ဂ(EU)ကလည်းဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တို့ တွေ့ဆုံနိုင်မှုဟာ နိုင်ငံတကာအသိုက်အဝန်းက တွေ့ဆုံခွင့်ရရှိရေးကို အပြင်းအထန် တောင်းဆိုနေတဲ့ အခြေအနေမှာ ရှားပါးပြီး ကာလကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရတဲ့ တိုက်ရိုက်ဆက်သွယ်ခွင့်ရရှိခဲ့တဲ့ အခွင့်အရေးဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။
“ရှေ့သို့တစ်လှမ်းတိုးတက်မှုဖြစ်သော်လည်း သူမ၏ မိသားစုဝင်များနှင့် ဥပဒေအကြံပေးရှေ့နေများကို တွေ့ဆုံခွင့်အပါအဝင် ဆက်လက် တွေ့ဆုံခွင့်ရရှိရေးမှာ အလွန်အရေးကြီးနေဆဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အပြည့်အဝ ပြန်လွှတ်ပေးရန် ကျွန်ုပ်တို့၏ တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုပါသည်” လို့ ဥရောပသမဂ္ဂက ထပ်မံတောင်းဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းကလည်း မိခင်ဖြစ်သူနဲ့ ICRC တွေ့ဆုံမှုဟာ ငါးနှစ်ကျော်အတွင်း မိခင်နဲ့ပတ်သက်တဲ့ အပြုသဘောဆောင်တဲ့ ပထမဆုံး တိုးတက်မှု ဖြစ်ကြောင်း မနေ့က ထုတ်ပြန်ထားပါတယ်။ မိသားစုနဲ့အတူ ရပ်တည်ပေးခဲ့သူအားလုံးနဲ့ Proof of Life လှုပ်ရှားမှုမှာ ပါဝင်ပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်က ဖော်ပြခဲ့ပြီး အားလုံးရဲ့ အသံထွက်ပြောဆိုကြိုးပမ်းမှု၊ အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ဖိအားပေးမှုကြောင့် မိခင်ဖြစ်သူ မတရားဖမ်းဆီးခံထားရတဲ့ ကိစ္စ ဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုအောက်မှာ ဆက်ရှိနေနိုင်ခဲ့တာလို့ ရေးသားထားပါတယ်။
မိခင်နဲ့ တိုက်ရိုက်စကားပြောခွင့်ရရေး၊ မိသားစုနဲ့ တွေ့ဆုံခွင့်ရရေး အပြင်နိုင်ငံရေးအကျဉ်းသားအားလုံးနဲ့အတူ မိခင်ဖြစ်သူကို ချက်ချင်း ခြွင်းချက်မရှိလွှတ်ပေးရေးကိုမျှော်လင့်ကြောင်းလည်းကိုထိန်လင်းက ရေးသားထားပါတယ်။
အာဏာသိမ်းစစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးထောင်ချထားတဲ့ဒေါ်အောင်ဆန်းစုကြည်ကို မိသားစု ၊ရှေ့နေတွေနဲ့ပါ ဆက်သွယ်ခွင့်မပေးပဲသတင်းအမှောင်ချခဲ့ပါတယ် ။ ၅ နှစ်ခွဲကျော် မတရားဖမ်းဆီးထောင်ချ သတင်းအမှောင်ချထားတာကြောင့် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိ ၊မရှိ မသိတော့တာကြောင့် သားဖြစ်သူ ကိုထိန်လင်း (ခေါ်)ကင်မ်အဲရစ် ဦးဆောင်ပြီး ပြည်တွင်းပြည်ပမှ ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိကြောင်းခိုင်မာတဲ့သက်သေအထောက်အထားပြဖို့ ဖိအားပေးတောင်းဆိုခဲ့ကြပါတယ် ။
ပြင်သစ်သမ္မတ မက်ခရွန်လို ကမ္ဘာ့ခေါင်းဆောင်တွေအပါအဝင် နိုင်ငံတကာနဲ့ အာဆီယံက ပါတောင်းဆိုသလို ပြည်သူတွေရဲ့ဖိအားတွေကြောင့် စစ်တပ်က သြဂုတ် ၃ ရက်မှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ ICRC ဌာနေကိုယ်စားလှယ်တွေ့ဆုံတဲ့သတင်းကို စစ်တပ်ကထုတ်ပြန်ပါတယ် ။ ICRC ကလည်း သြဂုတ် ၃ ရက် ညနေပိုင်းမှာ အဆိုပါတွေ့ဆုံမှု မှန်ကန်ကြောင်းအတည်ပြုထုတ်ပြန်ပါတယ်။

















































