ဩဂုတ် ၁၂၊ ၂၀၂၆။ ခိုင်မြတ်/ People’s Spring
ရခိုင်နဲ့ ချင်းပြည်နယ် ပလက်၀မြို့တို့မှာ ဩဂုတ် ပထမ ၁၁ ရက်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၁၉ ဦး သေဆုံးပြီး ၂၆ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ လူသား ချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) က ဒီနေ့ထုတ်ပြန်ပါတယ်။
HDCO က မှတ်တမ်းတင်ထားတဲ့ဖြစ်စဉ်တွေဟာ ရခိုင်ပြည်နယ်က သံတွဲ၊ အမ်း၊ မြောက်ဦး၊ ချင်းပြည်နယ်က ပလက်၀ မြို့နယ်တို့ရှိ အရပ်သား နေထိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှုအပြင် ရသေ့တောင်မြို့နယ် နံ့သာကျွန်း မှာ ငါးဖမ်းနေတဲ့စစ်ရှောင်တွေ သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်တို့ ပါဝင်တယ်လို့ ဆိုပါတယ်။
အဲဒီလို စစ်တပ်ရဲ့ တိုက်ခိုက်တွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်၊ သေဆုံးရတဲ့အပြင် ဘာသာရေးအ ဆောက်အဦးတွေနဲ့ အရပ်ဘက်အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement
စစ်တပ်က အရပ်သားပြည်သူတွေအပေါ် အခုလို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ဆက် တိုက်ဖြစ်ပေါ်နေရခြင်းဟာ အထူးစိုးရိမ်ဖွယ်ရာဖြစ်ပြီး အရပ်သားတွေနေထိုင်ရာနေရာတွေကို တိုက်ခိုက်မှုတွေကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း HCDO က ဆိုပါတယ်။
ရခိုင်ဒေသတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဆက်လက်မြင့်တက်နေတဲ့ အရပ်သားသေဆုံးမှုတွေအပေါ် နိုင် ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရေးတကြီးအာရုံစိုက်ဖို့၊ အရပ်သားတွေကို ကာကွယ်ဖို့အတွက် ကြိုးပမ်းမှုတွေ ပိုမို အားကောင်းစေဖို့နဲ့ နိုင်ငံတတာလူသားချင်းစာနာထောက်ထားမှုဥပဒေချိုးဖောက်မှုတွေအတွက် အမှန်တကယ် တာဝန်ခံမှုရရှိစေရေး လုပ်ဆောင်ကြဖို့လည်း HDCO က တိုက်တွန်းပါတယ်။
စစ်တပ်ဟာ မြန်မာနိုင်ငံအနှံ့မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့ပြည်သူတွေ နေထိုင်ရာ လူနေရပ်ကွက်၊ စာသင် ကျောင်းတွေ၊ စျေးတွေ၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ဘာသာရေးအဆောက်အဦးတွေကို တိုက်လေယာဉ်အုပ်လိုက်နဲ့ နေ့စဉ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေဆဲဖြစ် တယ်လို့ AA က ဆိုထားပါတယ်။
အဲဒီလို စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေနဲ့ နေ အိမ်အက်အဦးတွေပျက်စီးမှုဟာလည်း နေ့စဉ်နဲ့အမျှ မြင့်တက်နေတာပါ။
အဲဒီလိုအရပ်သားတွေ ဦးတည်ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ စစ်ပွဲအတွင်း လိုက်နာရမယ့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်မှုဆိုင်ရာဥပဒေနဲ့ စစ်ရာဇဝတ်မှုတွေကို ချိုးဖောက်ကျူးလွန်ရာရောက်တယ်လို့ ဒေသခံ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောထားကြပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့လက် ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။

















































