ဩဂုတ်-၁၆ ၊၂၀၂၆။ဇော်၀င်း/People’s Spring
ပြည်သူကိုသစ္စာစောင့်သိပြီး တော်လှန်ရေးအင်အားစုတွေကြား ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့က ခုခံတော်လှန်ရေးအောင်မြင်ဖို့ အရေးကြီးတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ပါတီဗဟိုဌာနချုပ် ဒီကနေ့ ထုတ်ပြန်ပါတယ်။
အဲဒီထုတ်ပြန်ချက်က မနက်ဖြန်( ဩဂုတ် ၁၇ရက်)မှာ ကျရောက်မယ့် KNPPပါတီရဲ့တပ်ဖွဲ့ဖြစ်တဲ့ ကရင်နီပြည်တပ်မတော် KA တည်ထောင်မှု (၇၈)နှစ်မြောက်နေ့ ထံပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာဖြစ်ပါတယ်။
ကရင်နီပြည်ရဲ့သီးခြားလွတ်လပ်မှုအတွက် ကျူးကျော်တိုက်ခိုက်လာသူတွေကို ခုခံတွန်းလှန်ဖို့အတွက် ကရင်နီပြည်ထောင်စုလွတ်လပ်သော တပ်မတော် (United Karenni State Independent Army – UKSIA) အမည်နဲ့ ၁၉၄၈ ဩဂုတ် ၁၇ရက်မှာ လက်ရှိ ကရင်နီတပ်မတော်ကို စတင်တည်ထောင်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement
ဒီကနေ့အချိန်အထိလည်း ကရင်နီပြည်သူတွေရဲ့ အမျိုးသားရေးရည်မှန်းချက်တွေကို KA က ကာကွယ်စောင့်ရှောက်နေပြီး ပြည်သူလူထု လုံခြုံရေး၊ အသက်အိုးအိမ် စည်းစိမ်၊ အခြေခံအခွင့်အရေးတွေအပြင်
မျိုးဆက်အဆက်ဆက်ရဲ့ ဇွဲ၊ သတ္တိ၊ စည်းလုံးညီညွတ်မှုနဲ့ ကရင်နီအမျိုးသားစိတ်ဓာတ်ကို ဆက်လက်ရှင်သန် ခိုင်မာစေတယ်လို့ အသိပေးပါတယ်။
ကရင်နီပြည်တပ်မတော်ရဲ့ (၇၈)နှစ်တာ ခရီးလမ်းတလျှောက်မှာ အသက်၊ သွေးနဲ့ ခန္ဓာကို ပေးလှူခဲ့ကြတဲ့တပ်ဖွဲ့ဝင်တွေ တပ်ဗိုလ် တပ်မှူးတွေ၊ တော်လှန် ရေးရဲ့ ဒုက္ခဝေဒနာတွေကို ကြံ့ကြံ့ခံကာ စွန့်လွှတ်အနစ်နာခံခဲ့ကြတဲ့ မိသားစုဝင်တွေ အားလုံးကို အထူးမှတ်တမ်းတင်ဂုဏ်ပြုတယ်လို့ ဖော်ပြပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာလည်း ကရင်နီပြည်တပ်မတော်က စစ်အာဏာ ရှင်စနစ်ဆန့်ကျင်ရေး လူထုတော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့အတူ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေ အာဏာရှင်စနစ်အောက်က လွတ် မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်သူ့အသက်အိုးအိမ်ကို ကာကွယ်ပေးမှုနဲ့အတူ ကရင်နီပြည်ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့အုပ်ချုပ်ရေးကဏ္ဍတွေကိုပါ အထောက်အကူဖြစ်စေခဲ့ပြီး ကရင်နီအမျိုးသားဘုံအနာဂတ်ကို ရှေ့ရှုပြီး အမျိုးသားရေးရည်မှန်းချက်တွေကိုအကောင် အထည်ဖော်နိုင်ဖို့ ကြိုးစားနေတယ်လို့ အသိပေးပါတယ်။
ဒါကြောင့် ပြည်သူနဲ့အတူရပ်တည်တာ ပြည်သူကို သစ္စာစောင့်သိတာ၊ တော်လှန်ရေးအင်အားစုတွေ
ကြား ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့က ခုခံ တော်လှန်ရေးအောင်မြင်ဖို့ အရေးကြီးတဲ့အခြေခံအချက်တွေလို့ KNPPက သတိပေးပါတယ်။
“လက်နက်ကိုင်ထားတဲ့အဖွဲ့တွေက လူထုအုပ်ချုပ်ရေးကို လွှမ်းမိုးနေတာမျိုး မဖြစ်စေဖို့ လုပ်ရမယ်။ဖယ်ဒရယ်မူအတိုင်း သေနတ်ကို ပြည်သူ့အုပ်ချုပ်ရေးက ဦးဆောင်စီမံရမယ်ဆိုတဲ့ အရပ်ဘက်က စစ်ဘက်ကို ထိန်းကျောင်းတဲ့မူ(Civilian Control over Military) ကို မြေပြင်မှာအမြစ်တွယ်အောင် တည်ဆောက်နိုင်မှသာ တော်လှန်ရေး ပြိုလဲမသွားဖို့ နဲ့ကရင်နီ တော်လှန်ရေးကို တဖန်အားကောင်းကောင်းနဲ့ ရှေ့ဆက်သွားနိုင်ဖို့ တစ်ခုတည်းသော ရေရှည်အဖြေဖြစ်နေမှာပါ”လို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးက လက်ရှိမြေပြင်တော်လှန်ရေးအခြေအနေကို ပြောပါတယ်။
ဒါအပြင် ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ် တန်းတူညီမျှရေးတွေကို အခြေခံတဲ့ ကရင်နီပြည်အနာဂတ်ကို ပြည်သူတစ်ရပ်လုံးနဲ့ အတူ ကျရာတာဝန်ကိုဆက်လက်ဖော်ဆောင်ဖို့လည်း KA ကို တိုက်တွန်းထားပါတယ်။
ကရင်နီပြည်နယ်မှာ KNPP/KA ၊ KNPLF (ကလလတ)၊ KNLP ၊KNPDP နဲ့ KNSO အစရှိတဲ့ တိုင်းရင်းသားလက် နက်ကိုင်တွေရဲ့ အင်အားဟာ ၅,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ပြည်တွင်းစစ်ရေးလေ့လာသူတွေက ခန့်မှန်းထားပါတယ်။
၂၀၂၁နောက်ပိုင်း ကရင်နီအမျိုသားများကာကွယ်ရေးတပ် KNDF ၊ကယန်းအမျိုးသားတပ်မတော် KNA အပါအ၀င် ကရင်နီဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မြို့နယ်အလိုက်တပ်ရင်းတွေ ဖွဲ့စည်းထားတာရှိပါတယ်။


















































