သြဂုတ်-၁၇၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
မြောင်မြို့ပေါ်က အလှပြင်ဆိုင် (Beauty Salon)ကိုလာပြီးဆံပင်ညှပ်ခေါင်းလျှော်တဲ့ စစ်တပ်အရာရှိတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပစ်ခတ်ခဲ့တာကြောင့်သေဆုံးခဲ့ပါတယ်။
မြောင်မြို့ပေါ်ရပ်ကွက်တစ်ခုမှာရှိတဲ့အလှပြင်ဆိုင်မှာ သြဂုတ် ၁၇ ရက် ကစစ်တပ်အရာရှိတဦးအရပ်ဝတ်နဲ့ တစ်ဦးတည်းလာပြီးဆံပင်ညှပ်ခေါင်းလျှော်နေတဲ့ သတင်းကို စစ်တပ်ထဲက သတင်းပြန်ရလို့ သွားရောက်ပစ်ခတ်ရှင်းလင်းလိုက်တာလို့ တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
” ဒီနေ့( ဩဂုတ်လ ၁၇ရက်) နေ့ခင်းမှာဖြစ်တာပါဗျ။ သေတာက တပ်ရင်းမှူးလို့သိရတယ်။ သူကခေါင်းလာလျှော်တာ။ အခုတော့ အဲဒီပတ်ချာလည်မှာ စစ်တပ်ကပိတ်ဆို့ပြီးစစ်နေတယ်”လို့ တော်လှန်ရေး ရဲဘော်တစ်ဦးကပြောပါတယ်။

Public Service Announcement
မြောင်မြို့ပေါ်က စစ်တပ်စခန်းချတဲ့ဆနရာနဲ့ မီတာ ၁၀၀ ကျော် ( ပေ ၃၀၀ ကျော်)အကွာက ဆံပင်ခေါင်းလျှော်ဆိုင်တစ်ဆိုင်မှာစစ်ကြောင်းမှူးရာထူးအဆင့်ရှိ စစ်ကောင်စီအရာရှိတစ်ဦး ခေါင်းလာလျှော်နေချိန် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အမှတ်(၃) တပ်ရင်း MOCစစ်ကြောင်းကရုပ်သံနဲ့သတင်းထုတ်ပြန်ထားပါတယ်။
သေဆုံးစစ်သားရဲ့အမည်၊ ရာထူးတာဝန် စတဲ့အသေးစိပ်အချက်အလက်တွေကိုတော့ People’s Spring ကသီးခြားအတည်မပြုနိုင်သေးပါဘူး။
“နာမည်က စနိုက်ပါဇော်ကြီးပါတဲ့ အများကခေါ်ကြတာသိရပါတယ်။အဆင့်တော့အတိကျမသိရသေးပါ။တော်တော် အရေးပါတဲ့သူလို့သိရပါတယ်” လို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အမှတ်(၃) တပ်
ရင်း MOCစစ်ကြောင်းမှတာဝန်ရှိသူကပြောပါတယ် ။
အဆိုပါစစ်သားပစ်ခတ်ခံရပြီး စခန်းမှစစ်သားအများအပြားထွက်လာကာ ဘေးပတ်ဝန်းကျင်ကိုသေနတ်နဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပြီး အလောင်းကိုကောက်ယူသွားတယ်လို့ သူကဆက်ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ဟာ လူထုတော်လှန်ရေးအားကောင်းပြီး စစ်တပ်ထိန်းချုပ်နိုင်ခြင်းမရှိတဲ့မြို့နယ်ဖြစ်ပါတယ်။ စစ်တပ်ကလေကြောင်းကနေမကြာခဏဗုံးကြဲတိုက်ခိုက်လို့ အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေပါတယ်။ ဒီနေ့ဖြစ်စဉ်ကြောင့် လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးရဲဘော်တွေကသတိပေးထားပါတယ်။
“ပြည်သူတွေတော့ တလရ အပေါ်သွေးမအေးကြပဲ ဆက်လက်ပြီးတက်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ကြဖို့မေတ္တာရပ်ခံပါတယ်။ပြည်သူတွေကအဓိကကြတာမို့ ပြည်သူမပါရင် မအောင်မြင်နိုင်ပါဘူး”လို့စစ်ကြောင်းတာဝန်ရှိသူကပြောပါတယ် ။


















































