Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်း ရေဘေးသင့်ဒေသတွေမှာ ခိုးမှုနဲ့လုယက်မှု အဖြစ်များနေ

အငြိမ်းစားကျောင်းဆရာမတစ်ဦး လုယက်သတ်ဖြတ်ခံရ

(လေးမျက်နှာမြို့ပေါ်မှာ ရေကြီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဩဂုတ်-၂၂၊၂၀၂၆။မိထက်/People’s Spring

ဧရာဝတီတိုင်းအတွင်း ရေဘေးကြုံနေတဲ့ဒေသတွေမှာ ခိုးမှုနဲ့လုယက်မှုတွေအဖြစ်များနေပြီး အသက်(၇၀) ကျော်အရွယ် ကျောင်းဆရာမအငြိမ်းစားတစ်ဦး လုယက်သတ်ဖြတ်ခံလိုက်ရပါတယ်။

လက်ရှိ ရေဘေးကြုံတွေ့နေတဲ့ လေးမျက်နှာမြို့နယ်၊ အိုင်သည့်ကျေးရွာမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်ပင်စင်နဲ့ အငြိမ်းစားယူထားတဲ့ ဆရာမဒေါ်လှလှဝင်းဟာ သြဂုတ် ၂၀ရက်က နေအိမ်မှာလုယက်သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

“ရွှေနဲ့ ပိုက်ဆံတွေပါသွားတယ်။ မသတ်ခင်မှာ ထိုးကြိတ်ထားလို့ ဒဏ်ရာအပြင်းအထန်ရတယ်။ မသတ်ဘဲယူသွားလည်းရနေတာကို အခုတော့ ဆရာမကြီးကို သတ်ဖြတ်သွားကြတယ်”လို့ ဆရာမဒေါ်လှလှဝင်းရဲ့ တပည့်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်လှလှဝင်းဟာ အိုင်သပြုကျေးရွာအနီးက ရှားခဲကျေးရွာနေအိမ်မှာ တစ်ဦးတည်းနေထိုင်သူဖြစ်ပြီး ယမန်နေ့က ဘုန်းကြီးကျောင်းမှာ ဥပုသ်စောင့်ပြီးပြန်လာချိန် နေအိမ်မှာ ဝင်ခိုးနေတဲ့ သူခိုးက သတ်ဖြတ်သွားတာလို့ ၎င်းရဲ့တပည့်တစ်ဦးက ပြောပါတယ်။

သေဆုံးချိန်မှာ အသက် ၇၂နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။

ဒေသခံတွေဟာ ရေဘေးကြုံနေပြီး စားဝတ်နေရေးအခက်အခဲကြုံတွေ့နေကြစဉ်မှာ နေအိမ်ဖောက်ထွင်းခိုးယူခံရတာတွေနဲ့ အခုလို လုယက်သတ်ဖြတ်မှုဖြစ်ခဲ့တဲ့အတွက် ဒေသတွင်းတရားဥပဒေစိုးမိုးရေးဟာ စိုးရိမ်စရာကောင်းနေပြီလို့ လေးမျက်နှာမြို့ခံတစ်ဦးက ပြောပါတယ်။

” လူမနေနိုင်တဲ့ အိမ်တွေဆို စက်လှေတွေနဲ့လိုက်ပြီး ဖောက်တာ။ ဖောက်ထွင်းခံရမှာစိုးလို့အိမ်မှာစောင့်နေတဲ့သူတွေလည်း ကြောက်နေရတယ်။ ကျေးရွာအလိုက် ကိုယ်အချင်းချင်းပဲလုံခြုံရေးယူပြီးတော့ နေရတယ်။ တရားဥပဒေစိုးမိုးမှုဆိုတာ ဘာမှမရှိတော့ဘူး”လို့ အိုင်သပြုကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင်၃၀ရက်က ငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေကြီးနေပါတယ်။

ဒေသတွင်းမှာ ဩဂုတ် ၃ရက်ကစပြီး ရေအနည်းငယ်ပြန်ကျနေတာကနေ မိုးကြီးမှုနဲ့ မြစ်ရေလည်း ပြန်တက်လာလို့ မူလကယ်ဆယ်ရေးစခန်းတွေမှာ နေလို့မရတော့တဲ့အတွက် လေးမျက်နှာ၊ ရေကြည်၊ ကျုံပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲက ရေဘေးကယ်ဆယ်ရေးစခန်းအချို့ကို နေရာရွှေ့နေရပါတယ်။တာကျိုးပေါက်ကို ဌာနဆိုင်ရာတွေက စက််ယန္တရားတွေနဲ့ ပိတ်ဆို့နေပေမယ့် အလုပ်မတွင်ဘဲ မပိတ်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ဩဂုတ် ၈ရက်နဲ့ ၉ရက်မှာ အာဏာသိမ်းစစ် ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဧရာဝတီတိုင်းကို လာရောက်ခဲ့စဉ်က ဧရာဝတီတိုင်းအစိုးရအဖွဲ့ဟာ ရေဘေးကြိုတင်ကာကွယ်ရေးကို သေချာလုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။

ဒါပေမယ့် ရေဘေးဟာပိုမို ဆိုးရွားလာသလို သေဆုံးသူဦးရေလည်းများပြားလာပါတယ်။ ‌

လယ်ဧက သိန်းချီရေနစ်မြုပ်နေပြီး ဒေသခံတွေဟာ သွားရေးလာရင်းနဲ့ စားနပ်ရိက္ခာအတွက် အခက်အခဲတွေကြုံတွေ့နေရပါတယ်။ အိမ်တွေကိုစွန့်ခွာပြီး ရေမမြုပ်သေးတဲ့လမ်းမတွေပေါ်မှာ တဲထိုးနေရပါတယ်။ အိမ်တွေလည်းဖောက်ထွင်းခံရပြီး ရေဘေးနဲ့ဆက်စပ်ပြီး ထိခိုက်ပျက်စီးမှုမှုအလွန်များပြားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်းအတွင်းရေကြီးမှုမှာ ရေနစ်မြုပ်တဲ့ မြို့ပိုများလာပြီ သေဆုံးသူဦးရေလည်း တိုးလာသလို ပျောက်ဆုံးနေသူအချို့လည်းရှိနေပါတယ်။

သတင်း

လေးမျက်နှာမြို့က ငဝန်မြစ်ရေကာတာကျိုးလို့ မြို့နယ် ၅မြို့ထက်မနည်း ရေဘေးကြုံတွေ့နေစဉ် ဧရာဝတီတိုင်းအတွင်း နောက်ထပ် ရေကာတာ ၂ခု ကြံ့ခိုင်မှုမကောင်းလို့ အရေးပေါ် ပိတ်ဆို့ကာရံနေရပါတယ်။

သတင်း

ရေဘေးဒဏ်ခံစားနေရတဲ့ ခင်ဦးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။