ဩဂုတ်−၂၆၊၂၀၂၆။မိုမို/People’s Spring
စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
စစ်တပ်က အင်အား ၃၀၀ ကျော်နဲ့ မုံရွာ–ယာကြီး–မင်းကင်း–ကလေးဝ လမ်းပိုင်းကို စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေးတပ်တွေက မင်းကင်းမြို့နယ် တောင်တွင်းဒေသမှာ ဇွန် ၂၃ ရက်ကနေ ၂၅ ရက်အထိ ၉ ကြိမ် ထက်မနည်းကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ မင်းကင်းပကဖ တာ၀န်ရှိသူက ပြောပါတယ်။
“တိုက်ပွဲကတော့ ကျနော်တို့ မင်းကင်းမြို့နယ် စစ်ဆင်ရေးမှူး ဒူချွန်အောင်စေ ဦးစီးပြီး လုပ်ဆောင်ခဲ့တာ။အဲ့တုန်းက ကျနော်တို့ဘက်မှ ထိခိုက်မှုမရှိဘူး”လို့ သူက ပြောပါတယ်။

Public Service Announcement
ဒါပေမယ့် စစ်တပ်စစ်ကြောင်းက မင်းကင်းမြို့နယ် ၊ကျောက်မော်ကျေးရွာက အသက်(၄၅)နှစ် အရွယ် အရပ်သား ၁ဦးကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့တယ်လို့ အသိပေးပါတယ်။
တိုက်ပွဲတွင်း စစ်တပ်က ၇ဦး သေဆုံးပြီး ၈ဦးခန့် ဒဏ်ရာရရှိတယ်လို့ မင်းကင်းပကဖ က ဆိုပါတယ်။ ဒါပေမယ့် စစ်တပ် ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပါဘူး။
ဒါ့အပြင် ၆၀ မမ နဲ့ ၄၀ မမ ဗုံးသီးတွေအပါအဝင် ခဲယမ်းတွေနဲ့ ဖောကား ၁စီး အပြင် စစ်အသုံးအဆောင်တွေ အများအပြား သိမ်းရတယ်လို့ သိရပါတယ်။
မုံရွာ-ယာကြီး-မင်းကင်း-ကလေး၀ လမ်းပိုင်းကို ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့ မေလလယ်ကစပြီး စစ်ကိုင်းတိုင်း မုံရွာမြို့ကနေ မုံရွာ–ယာကြီး–မင်းကင်း–ကလေးဝ လမ်းအတိုင်း စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပါတယ်။
အဲဒီလမ်းပိုင်းကို ဇူလိုင်မှာ ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်တပ်က ဝါဒဖြန့်ချီခဲ့ပေမယ့် မဟုတ်မှန်ဘူးလို့ တော်လှန်ရေးတပ်တွေက တုံ့ပြန်ထားပါတယ်။


















































