စက်တင်ဘာ-၃၊ ၂၀၂၆။ ကတ်သရင်း/People’s Spring
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ဒရုန်းနဲ့ ကျေးရွာတွင်း ဗုံးကြဲခဲ့တာကြောင့် ဆည်ကွဲကျေးရွာက အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထမ္မကြီးရွာက ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူအပါအဝင် ပြည်သူ ၁၂ဦး သတ်ဖြတ်ခံရပြီးနောက် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုဟာ မနေ့က ယာကြီးကုန်းရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး ညပိုင်းမှာ ကာမီကာဇေအသေခံဒရုန်းတွေနဲ့ ဗုံးတွေ လိုက်ကြဲခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂ရက် မနေ့က ည၉နာရီမှာ အဲဒီစစ်ကြောင်းက ဆည်တိုအုပ်စု၊ ဆည်ကွဲကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဦးချစ်ကို သေဆုံးပြီး ဇနီးဖြစ်သူဒေါ်ဝိုင်း ထိမှန်ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။

Public Service Announcement
“လင်မယားနှစ်ယောက်က သူတို့ အိမ်ထဲမှာ နေတာ ဒရုန်းက အိမ်ရှေ့မန်ကျီးပင်ပေါ်ကျတာ။ ပေါက်ကွဲတော့ ဗုံးစတွေက သွပ်ပြားတွေပေါက်ပြီး အိမ်ထဲက လူတွေထိတာ။ ဦးချစ်ကိုက ဆေးကုရင်း ပြင်းထန်ဒဏ်ရာနဲ့ ဆုံးသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဒီနေ့ မနက်၄နာရီခွဲမှာ ဩဇာခြံကျေးရွာကို ဝင်ခဲ့ပြီး လက်ရှိ ဂွေးညိုဝင်းရွာကို ဝင်ရောက်သွားတယ်လို့ သိရပါတယ်။
ဩဂုတ် ၃၁ရက်က ထမ္မကြီးရွာရဲ့ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး စိုးလင်းထိုက်အပါအဝင် ပျူအဖွဲ့ဝင်ဆိုသူ ဒေသခံ ၁၂ဦး သတ်ဖြတ်ခံရပြီးနောက် စစ်တပ်က အင်အား၂၀၀ကျော်နဲ့ စစ်ကြောင်းထိုးကာ ကျေးရွာတွေကို ပတ်သွားပြီး ဒရုန်းနဲ့ဗုံးတွေကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။


















































