Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်နဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေဖို့ ကြိုးပမ်းမှုတွေ မလုပ်ဆောင်ကြဖို့ ကုလမဟာမင်းကြီးပြော

မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကို လွှဲပြောင်းပေးဖို့ ထပ်မံတိုက်တွန်း

စက်တင်ဘာ-၈၊ ၂၀၂၆။ People’s Spring

မြန်မာစစ်တပ်နဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေဖို့ ကြိုးပမ်းမှုတွေ မလုပ်ဆောင်ကြဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တိုက်တွန်းပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၇ရက် မနေ့က ကျင်းပခဲ့တဲ့ ၆၃ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီပုံမှန်အစည်းအဝေးမှာ မဟာမင်းကြီး ဗိုကာတာ့ခ်က မြန်မာစစ်တပ်အနေနဲ့ နိုင်ငံတကာဥပဒေအရ သူရဲ့ တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်နေကြောင်း သက်သေအထောက်အထား မရှိဘဲ စစ်တပ်နဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေဖို့ ကြိုးပမ်းမှုတွေ မပြုလုပ်ကြဖို့ တိုက်တွန်းသတိပေးခဲ့တာပါ။

“နောက်ပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေး တောင်းဆိုမှုတွေမှာ ကမ္ဘာ့နိုင်ငံအားလုံးအနေနဲ့ နိုင်ငံရေးအရရော ငွေကြေးအရပါ ကူညီထောက်ပံ့ပေးကြဖို့ ကျွန်တော် တိုက်တွန်းတောင်းဆိုပါတယ်”လို့ ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက ပြောကြားပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံရဲ့ ပိုမိုဆိုးရွားလာနေတဲ့ လူ့အခွင့်အရေး အကျပ်အတည်းကို ဖြေရှင်းဖို့ နှစ်ပေါင်းများစွာကြာတဲ့တိုင်း နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုတွေ မအောင်မြင်ခဲ့ဘူးလို့ ဗိုကာတာ့ခ်က ပြောပါတယ်။

ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာ့အရေးအခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကို လွှဲပြောင်းပေးဖို့လည်း ကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနဲ့ အရပ်ဘက်ရော စစ်ဘက်ပါ အသုံးပြုနိုင်တဲ့ ကုန်စည်များ(dual-use items)လွှဲပြောင်းရောင်းချပေးပို့မှုများကို ရပ်တန့်ကြဖို့လည်း အဖွဲ့ဝင်နိုင်ငံတွေကို မဟာမင်းကြီးက ထပ်မံတိုက်တွန်းခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက အရပ်သားပြည်သူ သေဆုံးမှုတွေရဲ့ အဓိက အကြောင်းအရင်းအဖြစ် ဆက်ရှိနေဆဲလို့ ဗိုကာတာ့ခ်က ပြောပါတယ်။

ယုံကြည်ရတဲ့ရင်းမြစ်တွေရဲ့ အဆိုအရ အစီရင်ခံနေစဥ်ကာလအတွင်း အရပ်သား ၁,၂၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး တကယ့်မြေပြင်သေဆုံးမှုအရေအတွက်က ၃,၀၀၀ ကျော်နိုင်တယ်လို့ ဆိုပါတယ်။

မနေ့က မြန်မာ့အရေးအပြန်အလှန်ဆွေးနွေးမှုအစီအစဥ်မှာ ဗြိတိန်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ သံအမတ်ကြီး အယ်လီနောဆန်းဒါးကလည်း မိန့်ခွန်းပြောကြားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေက ကျောင်းများ၊​ ဆေးရုံများနဲ့ ဘာသာရေးဆိုင်ရာအဆောက်အအုံများကို ထိခိုက်ပျက်စီးစေသလို အရပ်သားပြည်သူ သေဆုံးမှုတွေရဲ့ အဓိက အကြောင်းအရင်းဖြစ်နေတယ်လို့ ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှု၊ မီးရှို့ဖျက်ဆီးမှုနဲ့ မတရားဖမ်းဆီးထိန်းသိမ်းမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေမှာ ၃ ဒသမ ၆ သန်းကျော်အထိ မြင့်တက်လာခဲ့ကြောင်းလည်း ဗြိတိန်သံအမတ်ကြီးက ပြောပါတယ်။

ဗြိတိန်ဟာ မြန်မာပြည်သူအားလုံးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး ကတိကဝတ်ကို ဆက်လက်ကိုင်စွဲထားကြောင်းလည်း အယ်လီနောဆန်းဒါးက ပြောပါတယ်။

ဒါ့အပြင် မှတ်တမ်းတင်ထားတဲ့ ကျူးလွန်ချိုးဖောက်မှုတွေအတွက် ပြစ်မှုကျူးလွန်သူများကို တာဝန်ခံမှုရှိစေရမယ်လို့လည်း ဗြိတိန်သံအမတ်ကြီးက သတိပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

ဆောင်းပါး

စစ်တပ်လက်​အောက်မှာ ကုန်ဈေးနှုန်းကြီးမြင့်တာ ၊ ကုန်ပစ္စည်း​တွေရှားပါးပြတ်လပ်တာ၊ တရားဥပဒေစိုးမိုးမှုမရှိတာ ၊ဖိနှိပ်မှု​ပေါင်းစုံကြား ဘယ်သူမှအသက်အာမခံချက်မရှိတာ စတဲ့ ပြည်သူ​​တွေအတွက် အထွေထွေအကျပ်အတည်းကြီး ရင်ဆိုင်နေရချိန်မှာ စစ်တပ်ရွေးကောက်ခံလွှတ်တော်အမတ်နဲ့ ရှမ်းပါတီဥက္ကဌတို့က သိန်းရာချီတန်တဲ့အရက်သောက်ပြပြီးတစ်နိုင်ငံလုံးသိ​အောင် ကြွားလုံးထုတ်ပြလိုက်ပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး လေယာဉ်ဗုံးကြောင့် သံတွဲမြို့ခံ (၈၃)နှစ်အရွယ် အဖွားအို ၁ဦး သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြောက်ကျင်းရွာက စစ်ဘေးရှောင် ပြည်သူတွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ကျောင်းထိုင်ဆရာတော်နဲ့ ကလေးငယ်အပါအဝင် လေးဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။