စက်တင်ဘာ-၁၂၊၂၀၂၆။ရောင်နီ/People’s Spring
အမေရိကန် အခြေစိုက်အမျိုးသား ဒီမိုကရေစီထောက်ပံ့ရေးအဖွဲ့ (NED)ရဲ့၂၀၂၆ အတွက် ဒီမိုကရေစီဆုကို “နွေဦးတော်လှန်ရေးပြည်သူအခြေပြုစည်းရုံးလှုံ့ဆော်သူများ”ကရရှိပြီးသပိတ်ခေါင်းဆောင်ကိုနန်းလင်း ကကိုယ်စားဆုလက်ခံခဲ့ပါတယ်။
သပိတ်ခေါင်းဆောင်ကိုနန်းလင်းက မြန်မာပြည်သူတွေရဲ့ဖက်ဒရယ်ဒီမိုကရေစီ အရေးအတွက်ရုန်းကန် တိုက်ပွဲဝင်မှုအပေါ်မှာမျှော်လင့်ချက် ခိုင်ခိုင်မာမာထားရှိကြဖို့နဲ့ အတူတူရပ်တည်ပေးကြဖို့ဆုလက်ခံယူစကားပြောကြားရင်းတိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင်စစ်တပ်ရဲ့မတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးခေါင်းဆောင်တွေအပါအဝင်ပြည်သူနှစ်သောင်းကျော်ကိုအမြန်ဆုံးလွှတ်ပေးဖို့ကိုလည်းတိုက်တွန်းခဲ့ပါတယ်။

Public Service Announcement
အမေရီကန်နိုင်ငံမှာစက်တင်ဘာ ၁၀ (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၁) ရက်မှာကျင်းပတဲ့ ဒီမိုကရေစီဆုပေးပွဲအခမ်းအနားမှာကိုနန်းလင်းက”နွေဦးတော်လှန်ရေးပြည်သူအခြေပြုစည်းရုံးလှုံ့ဆော်သူများ”ကိုယ်စား ဆုလက်ခံ စကားပြောခဲ့တာဖြစ်ပါတယ်။ ဆုပေးပွဲကိုကိုယ်တိုင်မတက်ရောက်နိုင်ပေမယ့်လွတ်မြောက်နယ်မြေတစ်နေရာကနေ ကိုယ်စားဆုလက်ခံယူရင်းကျေးဇူးတင်စကားပြောကြားခဲ့တာပါ။
“ဒီဆုဟာပြည်သူတွေရဲ့လွတ်လပ်ခွင့်အတွက်အသက်ကို ပဓာနမထားပဲ တိုက်ပွဲဝင်နေကြတဲ့ အမျိုးသမီးတွေ လူငယ်တွေနဲ့ လူနည်းစုရဲဘော်အပေါင်းတို့ကို လေးလေးနက်နက်အသိအမှတ်ပြုတယ်လို့ ကျွန်တော်ပြောလိုပါတယ်” လို့ ကိုနန်းလင်းကပြောကြားခဲ့ပါတယ်။
ဒီနေ့ရရှိတဲ့ ခွန်အားနဲ့ အသိအမှတ်ပြုမှုတွေကို အကျဉ်းထောင်တွေထဲက နိုင်ငံရေးခေါင်းဆောင်တွေနဲ့ မတရားဖမ်းဆီးခံထားရတဲ့ ပြည်သူနှစ်သောင်းကျော်ကိုလည်း မျှဝေလိုတယ်လို့ ပြောခဲ့ပါတယ်။
“မတရားအကျဉ်းကျခံနေရသူမှန်သမျှအမြန်ဆုံးနဲ့ ချွင်းချက်မရှိ လွှတ်ပေးဖို့ကိုလည်း ဒီနေရာကနေ ပြတ်ပြတ်သားသား တောင်းဆိုလိုက်ပါတယ်။” လို့ ကိုနန်းလင်းကတောင်းဆိုခဲ့တာပါ။
ဒီဆုကို လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှု အတွက် တိုက်ပွဲ ဝင်နေကြတဲ့ ရဲဘော် ရဲဘက်တွေနဲ့ မြန်မာပြည်သူ တွေရဲ့ ကိုယ်စား ဂုဏ်ယူဝင့်ကြွားစွာလက်ခံခဲ့တာဖြစ်ပြီး မြန်မာပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီ အရေးအတွက်ရုန်းကန် တိုက်ပွဲဝင်မှုအပေါ်မှာလည်းမျှော်လင့်ချက်ခိုင်ခိုင်မာမာထားရှိကြဖို့နဲ့အတူတူရပ်တည်ပေးကြဖို့ ကိုနန်းလင်းကနိုင်ငံတကာကိုတိုက်တွန်းခဲ့ပါတယ်။
“မြိုပြတွေမှာလျှိုဝှက်ပြီး ဆန်းသစ်တဲ့ လှုပ်ရှားမှုတွေ ဆက်ရှိနေမှာဖြစ်သလို စစ်အုပ်စုရဲ့ ဆင်ဆာနဲ့ အင်တာနက်ဖြတ်တောက်မှုတွေကြားကပဲ ဒီမိုကရေစီ မျှော်လင့်ချက်ဆိုင်ရာ သတင်းစကားတွေကို ဆက်ပြီးတော့ ဖြန့်ဝေနေမှာဖြစ်ပါတယ်။စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေကြားကနေ ကျွန်တော်တို့လို လူထုလှုပ်ရှားမှု အဖွဲ့အစည်းတွေဟာ လူထုကြားမှာ ယနေ့တိုင် စည်းရုံးလှုပ်ရှားနေဆဲဖြစ်ပါတယ်။” လို့ ကိုနန်းလင်းက ပြောပါတယ်။
ဒီနှစ်မှာ NED ရဲ့ ဒီမိုကရေစီဆုတွေကို မြန်မာနိုင်ငံ နဲ့အပါအဝင် ရုရှား၊ ကျူးဘား၊ ဆီးရီးယားနဲ့ အီသီယိုးပီးယား နိုင်ငံတွေကလူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေလည်းရရှိခဲ့တာပါ။
ဒီနှစ်ကအမေရိကန်လွတ်လပ်ရေး နှစ် ၂၅၀ ပြည့်နဲ့ တိုက်ဆိုင်နေတာကြောင့် အမေရိကန် ဒီမိုကရေစီရဲ့အခြေခံစံနှုန်းတွေဖြစ်တဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ပြောဆိုခွင့်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ တင်ပြ တောင်းဆိုခွင့်တွေအတွက် ရွပ်ရွပ်ချွံချွံ အားထုတ် ကြိုးပမ်းနေသူတွေကို ဆုအတွက် ရွေးချယ်ခဲ့တယ်လို့ NEDရဲ့ ဘုတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီဆုပေးပွဲကို အမေရိကန်ရဲ့ပထမဆုံး သမ္မတ ဂျော့ဂျ်ဝါရှင်တန် နေထိုင်ခဲ့တဲ့ မောင့်ဗာနွန်အိမ်တော်မှာကျင်းပခဲ့တာပါ။
NEDရဲ့ ဒီမိုကရေစီဆုကိုတော့ ၁၉၈၉ ခုနှစ်၊ တရုတ်နိုင်ငံရဲ့ ဒီမိုကရေစီ အုံကြွမှုကြီးအတွင်း တျန်နန်မန် ရင်ပြင်မှာ ထုလုပ်ခဲ့တဲ့ ဒီမိုကရေစီ နတ်ဘုရားမ ရုပ်တုရဲ့ ပုံစံတူအဖြစ် သွန်းလုပ်ထားပါတယ်။ အဲဒီဆုကို ကမ္ဘာ့တလွှားက လူသားတွေရဲ့ လွတ်လပ်ခွင့်ကို ကြိုးစား မြှင့်တင်ပေးနေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို နှစ်စဉ် ချီးမြှင့်နေပါတယ်။
NEDကို ၁၉၈၃ ခုနှစ်မှာ အမေရိကန် သမ္မတ ရော်နယ်လ်ရေဂန် အဆိုပြုတဲ့ ဒီမိုကရေစီ အားပေးရေး အစီအမံအရ နိုင်ငံရေး ပါတီကြီး နှစ်ခုလုံးရဲ့ အားပေး ထောက်ခံမှုနဲ့အတူ ထူထောင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ကမ္ဘာ့ပြည်သူတွေရဲ့ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ပြောဆိုခွင့် ယုံကြည်ကိုးကွယ်ခွင့်၊ နိုင်ငံရေးလုပ်ဆောင်ခွင့်၊မိသားစုတွေကို အကြောက်တရား မရှိဘဲ ကူညီထောက်ပံ့နိုင်ခွင့်တွေကို အားပေးဖို့ဖြစ်ကြောင်းလည်း သိရပါတယ်။


















































