စက်တင်ဘာ ၃၀၊ ၂၀၂၆။ထားမြတ်/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနရဲ့ ဆက်သွယ်ရေးစခန်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာဟာ ရန်သူက ဖမ်းမိသွားတဲ့ တပ်ပြေး၊နှုတ်ထွက် ရဲဘော်တွေနဲ့ ရန်သူ့ထံ ဘက်ပြောင်း ခိုလှုံသွားသူတွေရဲ့ သတင်းပေးထွက်ဆိုချက်ဟာ အဓိကအကြောင်းအရင်းဖြစ်တယ်လို့ စုံစမ်းသိရကြောင်း အထူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၄ရက်က အထူးတိုင်းစစ်ဌာန တပ်စခန်းကို စစ်တပ် တိုက်လေယာဉ် ၂စီးက ဗုံးသီး ၄လုံး ကြဲချခဲ့ရာ ၂လုံး ထိမှန်ခဲ့လို့ လုံခြုံရေး တပ်ဖွဲ့ဝင် ၂ဦး၊ ဆက်သွယ်ရေးရဲဘော် ၂ဦး ၊ CDM တပ်ကြပ်ကြီ ၁ဦး စုစုပေါင်း ၅ဦး ကျဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။
အခုလို ဗုံးကြဲခံရတဲ့ အကြောင်းအရင်းကို ထုတ်ပြန်တာဟာ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တပ်က အချင်းချင်း သွေးကွဲစေရန် ဝါဒဖြန်ချိနေတာကြောင့် ဖြစ်တယ်လို့လည်း အထူးတိုင်း စစ်ဌာနက ဖော်ပြထားပါတယ်။

Public Service Announcement
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားနဲ့ CDM အရာရှိ ဗိုလ်မှူးတင်လင်းအောင်တို့ ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရင်းမြစ်အချို့က ပြောပေမဲ့ အခုထုတ်ပြန်ချက်မှာတော့ ဖြစ်စဉ်နဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ ဖော်ပြမထားပါဘူး။
PDF တပ်မှူးတစ်ဦးကတော့ ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှား ဒဏ်ရာရခဲ့ပေမဲ့ အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ စက်တင်ဘာ ၂၄ရက်က ပြောထားပါတယ်။
ဒါ့အပြင် အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက လေကြောင်းတိုက်ခိုက်ခံရအပြီး နောက်တနေ့မှာ ပြုလုပ်တဲ့ အထူးတိုင်းစစ်ဌာနရဲ့ ရန်ပုံငွေ ရှာဖွေရေးကမ်ပိန်းကတဆင့် စာနဲ့ သတင်းစကား ပြောကြားခဲ့ရာ စိတ်မပူကြဖို့ အတူတူ သန်မာကြစို့ဟု တိုက်တွန်းထားတာရှိပါတယ်။
အထူးတိုင်းစစ်ဌာန ရဲဘော်တွေကလည်း လေကြောင်းတိုက်ခိုက်ခံရချိန်မှာ ခွန်အားရှိကြောင်း ပြသကြရမှာ ဖြစ်ကြောင်း ပြောကြားကာ လုပ်စရာရှိတာ ဆက်လုပ်သွားမယ်လို့ ရန်ပုံငွေရှာဖွေမှု ကမ်ပိန်းမှာ ပြောကြားကာ ပြည်သူတွေအနေနဲ့ ၀ိုင်းဝန်း ပါဝင်ပေးကြဖို့ တောင်းဆိုထားပါတယ်။


















































