Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်မြို့ စစ်တပ်ဗုံးကြဲမှု NUGနဲ့ ချင်း၊ ယောတော်လှန်ရေးတပ်တွေ ရှုတ်ချ

AA နဲ့အတူ လက်တွဲပြီး စစ်တပ်ကို တွန်းလှန်တိုက်ခိုက်မယ်လို့ အသိပေး

(စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရသူတွေကို AA ရဲဘော်တွေက မြေမြှုပ်သဂြိုလ်ပေးနေစဉ်။ ဓါတ်ပုံ - One Nations News)

စက်တင်ဘာ ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စစ်တပ် လေကြောင်းကနေဗုံးကြဲခဲ့လို့ ပြည်သူလူထု အစုလိုက်၊အပြုံလိုက်သေဆုံးမှု ဖြစ်ပွားခဲ့ရာ စစ်တပ်ရဲ့ ရည်ရွယ်ချက် ရှိရှိ ရက်စက်ကြမ်းကြုတ်တဲ့ ဗုံးကြဲတိုက်ခိုက်မှု လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ထုတ်ပြန်ခဲ့ပြီး အဲဒီလိုကျူးလွန်ခဲ့မှုအပေါ် တရားမှုတမှုနဲ့ တာဝန်ခံမှု ရှိစေရေး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ စက်တင်ဘာ ၂၈ရက်နေ့လည်ပိုင်းမှာ ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နဲ့ အိန္ဒိယဈေးဝန်းကျင်တို့အား လေကြောင်းဗုံးကြဲခဲ့ရာ ပြည်သူ ၅၀ သေဆုံးကာ ၆၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။

စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာကို ပစ်မှတ်ထား တိုက်ခိုက်မှုဟာ ဂျီနီဗာကွန်ဗင်းရှင်းနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတို့ကို ကျူးလွန်တဲ့ အစွန်းရောက် အကြမ်းဖက်လုပ်ရပ်ဆိုးကြီး တစ်ရပ်ဖြစ်တာကောင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

NUG အနေနဲ့ AA အပါအဝင် ရခိုင်ပြည်သူလူထုနဲ့ နိုင်ငံရေး၊ စစ်ရေးအရ မဟာမိတ်ဆန်ဆန် ရင်းနှီးကျွမ်းဝင်စွာဖြင့် ခိုင်မာစွာ လက်တွဲရင်ဆိုင် ဖြတ်ကျော်လျက် ရှိ ကြောင်းထုတ်ပြန်ကာ အခုလို ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး အမိန့်ပေးစေခိုင်းသူ စစ်ခေါင်းဆောင်များနဲ့ တိုက်ရိုက်ပါဝင်ပတ်သက်သူ တစ်ဦးချင်းစီတိုင်းကို တိကျစွာ မှတ်တမ်းတင်ထားကြောင်း ဖော်ပြပါတယ်။ ဒါအပြင် တရားမျှတမှုနဲ့ တာဝန်ခံမှု ရှိစေရေးအတွက် တော်လှန်ရေး မဟာမိတ်အင်အားစုများနဲ့ အတူ ရဲရဲဝံ့ဝံ့ ဆက်လက် အကောင်အထည်ဖော်သွားမှာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

စစ်အုပ်စုရဲ့ ပြည်သူအပေါ် သတ်ဖြတ်နေမှုတွေနဲ့ပတ်သက်ပြီး ကုလနဲ့ နိုင်ငံတကာက လက်တွေ့ကျ ထိရောက်သော အရေးယူ ဆောင်ရွက်မှုများ အမြန်ဆုံး လုပ်ဆောင်ပေးဖို့လည်း NUGက တိုက်တွန်းတောင်းဆိုပါတယ်။

ကျောက်တော်မြို့ လေကြောင်း တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ချင်းပြည်သူ့အစည်းအရုံး၊ မရာတပ်ဖွဲ့ (MTC/MDF)၊ ယောဒေသကာကွယ်ရေးတပ်(YDF) တို့ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ရာ စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချကြောင်း ဖော်ပြပါတယ်။

ပြည်သူလူထုတရပ်လုံးကို လက်နက်ဖြင့် ဗိုလ်ကျစိုးမိုးနေတဲ့ စစ်တပ်ကို AA အပါအဝင် တော်လှန်ရေး အဖွဲ့မျးနဲ့ အတူ ဆက်လက်တိုက်ပွဲဝင်မယ်လို့လည်း MTC/MDFက ထုတ်ပြန်ပါတယ်။

ချင်းပြည်သူအစည်းအရုံး(CPU/CPA) ရဲ့ ထုတ်ပြန်ချက်မှာလည်း အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တဲ့ စစ်တပ် လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့ပြီး သွေးချင်း မဟာမိတ် AA နဲ့ တလုံးတ၀တည်း ဆက်လက်ပူးပေါင်းကာ စစ်တပ်ကို အင်တိုက်အားတိုက် ခုခံတွန်းလှန်တိုက်ပွဲဝင်မယ်လို့ ဖော်ပြပါတယ်။

ယောဒေသကာကွယ်ရေးတပ် YDF ကလည်း စစ်တပ်ရဲ့ လူမဆန်တဲ့ လေကြောင်း တိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်းနဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုများအတွက် အာရက္ခပြည်သူတရပ်လုံးနဲ့အတူ ဝမ်းနည်းကြောင်း ဖော်ပြပါတယ်။

စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးနဲ့ အကြမ်းဖက်စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် အင်တိုက်အားတိုက် ဆက်လက် လုပ်ဆောင်တိုက်ပွဲဝင်သွားမယ်လို့လည်း YDFက ထုတ်ပြန်ပါတယ်။

AA အနေနဲ့လည်း စစ်တပ်ရဲ့ အခုလို အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ လုပ်ရပ်အပေါ် လက်တုံ့ပြန်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တိုင်းရင်းသားနယ်မြေရှေ့တန်းတစ်နေရာမှာ တာ၀န်ထမ်းဆောင်နေတဲ့ ဂန့်ဂေါစစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြည်သူ့သားကောင်းဆု ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ရေဘေးနဲ့ မြေပြိုမှု ဘေးရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ကို ဒီနေ့ စက်တင်ဘာ ၃၀ရက် ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနရဲ့ ဆက်သွယ်ရေးစခန်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာဟာ ရန်သူက ဖမ်းမိသွားတဲ့ တပ်ပြေး၊နှုတ်ထွက် ရဲဘော်တွေနဲ့ ရန်သူ့ထံ ဘက်ပြောင်း ခိုလှုံသွားသူတွေရဲ့ သတင်းပေးထွက်ဆိုချက်ဟာ အဓိကအကြောင်းအရင်းဖြစ်တယ်လို့ စုံစမ်းသိရကြောင်း အထူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ တပ်စွဲထားတဲ့ စစ်တပ် လက်အောက်ခံ ရှမ်းနီးတပ် SNA စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook