အောက်တိုဘာ-၁၊ ၂၀၂၆။ သရင်း/People’s Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းကို စစ်တပ်က စစ်ကြောင်းထိုးကာ ဒရုန်းနဲ့ ချီပါရွာအနီးကို ဗုံးကြဲတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာနောက်ဆုံးပတ်မှာ စစ်တပ်က ရွှေဘိုမြို့အနောက်အထွက်က မင်းကုန်းရွာကနေ အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းတကြောင်း၊ ကျွန်းတောရွာဘက်ကနေ အင်အား ၃၀၀ ပါ စစ်ကြောင်းတကြောင်း ထွက်လာတယ်လို့ သိရပါတယ်။
ကျွန်းတောရွာက စစ်ကြောင်းဟာ ချီပါရွာရဲ့ အရှေ့ဘက်က ကင်းပြားရွာကို ဝင်ရောက်စီးနင်းထားပြီး မင်းကုန်းရွာက စစ်ကြောင်းဟာ ချီပါရွာရဲ့ မြောက်ဘက်က အိုးဘိုရွာရှိ မျိုးသန့်ခြံမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
ချီပါရွာရဲ့ တောင်ဘက်မှာ ပလိုင်းပျူစောထီးရွာရှိတယ်လို့ သိရပါတယ်။
“စကစက ချီပါကိုလိုချင်တဲ့ပုံပဲ။ ဒါမှမဟုတ် သူတို့ပလိုင်းကိုပဲ သွားချင်လားမသိဘူး။ ပလိုင်းမှာလည်း ပျူတွေ ကျန်သေးတယ်လေ။ အခုကတော့ သူ့ဘက်၊ကိုယ့်ဘက်ဒရုန်းနဲ့ချနေကြတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်ရဲ့ ဒရုန်းနှစ်စီးက ချီပါရွာအနီးမှာ ဆက်တိုက်ဝဲနေပြီး ဗုံးကြဲတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ပလိုင်းရွာသိမ်းစစ်ဆင်ရေး ပြုလုပ်ခဲ့ပေမယ့် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ ဒါပေမဲ့ ပလိုင်းကျေးရွာတွင်းက ပျူစောထီးအဖွဲ့ဝင် ၂၀ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။



















































