အောက်တိုဘာ ၁၊ ၂၀၂၆။ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း မူးမြစ်ရေ ပြန်တက်နေလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ဒီကနေ့ အောက်တိုဘာ ၁ ရက် မနက် ၁၁ နာရီခန့်က မူးမြစ်(နတ်မှူး)အထက်ပိုင်း သဖန်းဆိပ်ဆည်ရေဝင်ဒေသတွေ ရေစတင်ဝင်ရောက်နေကြောင်း၊ သဖန်းဆိပ်ဆည်ရေကနေ ရေဆက်လက် ထုတ်လွှတ်နေတာကြောင့် မူးမြစ်ဘေးကျေးရွာတွေ ပြင်ဆင်ထားကြဖို့ မြစ်ရေစောင့်ကြည့်နေသူတွေက သတိပေးပါတယ်။
“ပြီးခဲ့တဲ့ ၈ လပိုင်းတုန်းကထက်ကို ရေကများနေတယ်”လို့ မြစ်ရေ စောင့်ကြည့်နေတဲ့ ဒေသခံတစ်ဥိးကပြောပါတယ်။

Public Service Announcement
ရေအခြေအနေနဲ့ ပတ်သက်လို့ သဖန်းဆိပ်ဆည်ဟာ ပုံမှန်ရေ ၂၆၀၀၀ ကျူ့ဆက်ဝန်းကျင်ခန့်သာ လွှတ်ထားပြီး ကာဘိုးဆည်အတွင်း ရောက်ရှိနေတဲ့ ရေများဟာ မိုးရွာသွန်းမှုများလို့ ကြားရေများ စီးဆင်းနေခြင်းဖြစ်ပြီး ကာဘိုးဆည်မှ ရှပ်တားတံခါးလေးပေါက် လွှတ်ထားတာကြောင့် ပုံမှန်ရေထက် အနည်းငယ်သာ တိုးနိုင်ဖွယ်ရှိကြောင်း ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပင်မသတင်းနှင့်ပြန်ကြားရေးဌာနက ဒီကနေ့ညနေ လေးနာရီခွဲက ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိ မူးမြစ်ရေတက်နေပေမယ့် ကျေးရွာတွေထဲ ရေဝင်ရောက်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကလည်း စစ်ကိုင်းတိုင်းက ရွှေဘို၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ အရာတော်၊ ဝက်လက်၊ ဒီပဲယင်း အစရှိတဲ့ မြို့နယ်တွေမှာ သဖန်းဆိပ်ဆည်အပါအဝင် ဆည်ရေတွေဖောက်ချတာ၊ မူးမြစ်ရေကြီးတာတွေကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး ရေဘေးသင့် ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိခဲ့ပါတယ်။
လာမယ့် အောက်တိုဘာ ၄ရက်အထိ အရှေ့ဘက်ကလာတဲ့ မုန်တိုင်း အကြွင်းအကျန်တွေကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက အသိပေးထားပါတယ်။
ဒီတစ်ပတ်အတွင်း နေရာကွက်ပြီး မိုးကြီးတာ၊ လေပြင်းတိုက်ခိုက်တာ၊ လျှပ်စီးလက် မိုးကြိုးပစ်တာ၊ လျှပ်တစ်ပြက်ရေလွှမ်းမိုးတာ၊ မြေပြို တောင်ပြိုတာနဲ့ ကမ်းပါးပြိုတာတွေ ဖြစ်ပေါ်နိုင်လို့ အထူးသတိပြု နေထိုင်သင့်ကြောင်း အထက်ပါဌာနက အကြံပြုထားပါတယ်။



















































