အောက်တိုဘာ-၄၊၂၀၂၆။People’s Spring
အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်အစိုးရက မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကျော်တော်မြို့မှာဖြစ်ပွားခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
စက်တင်ဘာ ၂၈ ရက်နေ့တုန်းကကျောက်တော်မြို့မှာရှိတဲ့လူစည်ကားရာစျေးတစ်ခုနဲ့ တံတားတစ်စင်းနားမှာ အာဏာသိမ်း စစ်တပ် တိုက်လေယာဉ်က အနည်းဆုံး ဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် ဆိုးရွားတဲ့ ထိခိုက်သေဆုံးမှုတွေ၊ အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ ကျောက်တော်မှာရှိတဲ့ အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီ တံတားတို့ကို ပစ်မှတ်ထားတဲ့ ဗုံးကြဲမှုကြောင့် ကလေးတွေ၊ အမျိုးသမီးတွေ အပါအဝင် လူ ၅၀ လောက် သေဆုံးပြီး ၅၈ ဦးထက်မနည်း ဒဏ်ရာတွေ ရခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အခြေအနေ ပြင်းထန်ဆိုးရွားသူတွေ ပါဝင်တယ်လို့ ကုလသမဂ္ဂ (UN) ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။

Public Service Announcement
အောက်တိုဘာ ၃ ရက်နေ့မှာတော့ ဖိလစ်ပိုင် အစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အာဆီယံဆိုင်ရာ လက်ထောက် အတွင်းရေးမှူး အန်နာမာရီ ဟာနန်ဒိုက ကျောက်တော် ဗုံးကြဲမှုနဲ့ ပတ်သက်ပြီ သီးခြားကြေညာချက်ထုတ်ပြန်ခဲ့ရာမှာဖိလစ်ပိုင်အနေနဲ့လူ့အသက်ဆုံးရှုံးမှုတွေ၊ ထိခိုက်ပျက်စီးမှုတွေ၊ ဒဏ်ရာရမှုတွေ ဖြစ်ပေါ်စေတဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အထူးစိုးရိမ်ပြီး အဲဒီ ဖြစ်စဉ်တွေနဲ့ ဆက်စပ်တဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ပါရှိခဲ့ပါတယ်။
ဖိလစ်ပိုင်ဟာမြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ ပတ်သက်ရင် မြန်မာကိုယ်တိုင် ဦးဆောင် ဖြေရှင်းနိုင်မယ့် အခြေအနေမျိုး ပေါ်ထွက်လာစေရေးအတွက် အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကြား ဆွေးနွေးမှုတွေ အထမြောက်စေအောင် ဆက်လက် ကူညီနေမယ်လို့လည်း ဟာနန်ဒိုက ဆိုပါတယ်။
ဖိလစ်ပိုင် အစိုးရက အာဆီယံ အဖွဲ့ဝင် နိုင်ငံအားလုံးရဲ့အမြင်တွေကိုအလေးထား စဉ်းစားနေပြီး အများသဘောတူညီတဲ့ အချက်တွေကို အခြေခံတဲ့ ချဉ်းကပ်မှု နည်းလမ်းတွေကို ရှာဖွေသွားမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။
ကျောက်တော် ဗုံးကြဲမှုဟာ မနှစ်က ဒီဇင်ဘာလနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ကြုံတွေ့ဖူးသမျှ အသေအပျောက် အများဆုံး လေကြောင်းတိုက်ခိုက်မှု ဖြစ်လာပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့တုန်းက မြောက်ဦးဆေးရုံကို စစ်တပ်က ဗုံးကြဲခဲ့လို့ လူ ၅၀ လောက် သေဆုံးခဲ့ပါတယ်။
ကိုးကား- Reuters


















































