အောက်တိုဘာ ၅၊ ၂၀၂၆။ ဇေအောင်/People’s Spring
စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ရပ်ထားတဲ့ ၆ ဘီးကားကို ခွေးဘီလူးကားက ဝင်တိုက်လို့ ခွေးဘီလူးကားပေါ်ပါ ခရီးသည် ၁၀ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။
ဒီကနေ့ အောက်တိုဘာ ၅ ရက် မနက် ၁၀ နာရီခွဲခန့်က စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ် ကျောက်ဆည်ကျေးရွာအနီးမှာ မုံရွာမြို့ဘက်ကနေလာတဲ့ ခွေးဘီလူး( SUBARU SAMBER)အဖြူရောင်ယာဥ်ဟာ မျက်နှာချင်းဆိုင် ယာဥ်ကြောပေါ်မှာ ရပ်ထားတဲ့ ISUZU (၆ဘီး)အဖြူရောင်ယာဥ်ကို ဝင်တိုက်ခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အဲဒီယာဥ်တိုက်မှုကြောင့် ခွေးဘီလူးကားပေါ်ပါ ခရီးသည်အချို့ ညပ်နေလို့ ကူညီကယ်ဆယ်ခဲ့ရပြီး ကားပေါ်ပါ အမျိုးသမီး ၈ ဦး၊ အမျိုးသား၂ ဦး စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ကာ အမျိုးသမီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

Public Service Announcement
“ခွေးဘီလူးကားက မုံရွာဘက်ကနေလာတာ။ အဲဒါကို လမ်းဘေးရပ်ထားတဲ့ ဘောက်ကား(၆ဘီးကား)ကိုဝင်တိုက်တာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကို စစ်ကိုင်းဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
မုံရွာ-မန္တလေးလမ်းဟာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေ၊ တိုက်ပွဲတွေကြောင့် လမ်းပိုင်းကြန့်ကြာမှုတွေ ရှိနေပြီး အချိန်ကြာမြင့်စွာ သွားလာနေရလို့ လမ်းရှင်းတာနဲ့ အမြန်မောင်းတဲ့ယာဥ်တွေလည်း ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းကလည်း မုံရွာ-မန္တလေးလမ်းမကြီးပေါ် မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာအကျော် တံတားအနီးမှာ မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီးခရီးသည်တင်မော်တော်ယာဉ်ပေါ် လိုက်ပါလာတဲ့ ခရီးသည် အမျိုးသမီး ၁ဦး မိုင်းစထိမှန်ကာ သေဆုံးခဲ့ပါသေးတယ်။



















































