အောက်တိုဘာ-၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
မကွေးတိုင်း ရေစကြိုမြို့နယ်က ကျေးရွာအချို့ကို စစ်တပ်က တိုက်လေယာဉ်၊ရဟတ်ယာဉ်၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် သေဆုံးထိခိုက်မှုအများအပြားရှိခဲ့ရာ စုစုပေါင်း သေဆုံးသူ ၁၅ဦးထိ ရှိလာပြီလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာ ၁၆ရက် မနေ့က နေ့လယ်ပိုင်းမှာ ရေစကြိုနယ် သစ်ကြီးတောရွာ၊ သစ်ကောက်ဆိပ်ရွာအပါအဝင် ရေစကြိုမြောက်ဘက်ပိုင်းက ကျေးရွာအချို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။
“လောလောဆယ် သစ်ကြီးတောရွာက ၁၄ ဦး၊ သစ်ကောက်ဆိပ်ရွာက (၁) ဦးလို့ သိရပါတယ်၊ အရေအတွက်များနိုင်တယ်လို့လည်းပြောပါတယ်၊ စာရင်းအတိအကျတော့ မသိရသေးပါ”လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကိုလည်း သတင်းရင်းမြစ်က ပြသခဲ့ရာ သေဆုံးသူတွေထဲမှာ ကလေးငယ်နဲ့ အမျိုးသမီးတွေ ပါဝင်တာကိုတွေ့ရပါတယ်။ (သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို လူထုနွေဦးရဲ့ Telegram – https://t.me/PeopleSpring/115145)မှာ ကြည့်ရှုနိုင်ပါတယ်။)
“အကြောင်းမဲ့ကို တိုက်ခိုက်သွားတာပါ။ အနီးဝန်းကျင်ရွာတွေအားလုံး ထွက်ပြေးနေကြရပြီး စိုးရိမ်ထိတ်လန့်မှုတွေဖြစ်နေကြရတာပေါ့။ သူတို့ မစိုးမိုး မထိန်းချုပ်နိုင်တဲ့နေရာတွေက သူပုန်နယ်လို့ သတ်မှတ်ပြီး ပြည်သူတွေ၊ မြို့တွေရွာတွေကို ဒုက္ခပေး၊ ဖျက်ဆီး၊ မတရား သတ်ဖြတ်နေတဲ့သဘောပါပဲ”လို့ ဒေသခံ သတင်းရင်းမြစ်က စစ်တပ်ရဲ့ အရပ်သားပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာတဲ့ အခြေအနေကို ပြောပြပါတယ်။
ရေစကြိုမြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ(ပကဖ)တာဝန်ရှိသူတဦးဖြစ်တဲ့ ရဲဘော်ဝေကြီးကလည်း အဲဒီဒေသမှာ လတ်တလော တိုက်ပွဲမရှိဘဲ စစ်တပ်က ရက်စက်စွာ တိုက်ခိုက်လာတာလို့ အသိပေး ပြောပြထားပါတယ်။ စစ်တပ်ရဲ့ တိုက်ခိုက်မှုဟာ ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်ကြောင်းလည်း ရဲဘော်ဝေကြီးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝန်းမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူအစုလိုက်အပြုံလိုက်သေဆုံးထိခိုက်မှုတွေ အများအပြားဖြစ်ပေါ်ခဲ့ပါတယ်။



















































