နိုဝင်ဘာ-၅၊ ၂၀၂၆။ ကတ်သရင်း/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ညောင်ပင်ရွာက သုံးဘီးမောင်းကာ စစ်တပ်ဂိတ်တွေအတွက်ပါ ဈေးဝယ်ပေးတဲ့ လင်မယားနှစ်ဦးကို ဒေသခံပျူစောထီးက အလုပ်ခိုင်းစရာရှိလို့ ပြောခေါ်ကာ တလအကြာမှာ သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညောင်ပင်ရွာက သုံးဘီးမောင်းတဲ့ အသက် ၆၂နှစ်အရွယ် ဦးဌေးတင်နဲ့ သူ့ဇနီးဖြစ်သူ အသက် ၅၇နှစ်အရွယ် ဒေါ်စန်းတင့်တို့ကို အောက်တိုဘာ ၁ရက်က ပစ္စည်းသယ်စရာရှိလို့ သုံးဘီးနဲ့ လာခဲ့ဖို့ ညောင်ပင်ရွာအနောက်ဂိတ်မှာ ကင်းဂိတ်တာဝန်ကျတဲ့ ပျူစောထီး ကျော်သူဦး(ခ)ကျော်ကြီးက ခေါ်ခဲ့တယ်လို့ သိရပါတယ်။ သူတို့ဟာ တရွာတည်းသားတွေ ဖြစ်ပါတယ်။
အဲဒီနောက် တစ်လအကြာ နိုဝင်ဘာ ၁ရက်မှာ ပါးစပ်ထဲကို ဓားထည့်မွှန်းထားတဲ့ ဒဏ်ရာ၊ ပါးနှစ်ဖက်ဒဏ်ရာ၊ လည်ပင်း ပြတ်ရှဒဏ်ရာတွေနဲ့အတူ ရွာကြီး သုသာန်ရဲ့ အနောက်ဘက်က အမှိုက်ပုံမှာ ဦးဌေးတင်တို့ လင်မယားနှစ်ဦးနဲ့ နောက်ထပ်အမျိုးသားတစ်ဦးတို့ရဲ့ အလောင်း ၃ လောင်း တွေ့ရှိရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အလောင်းလာကောက်သူတွေကို ပစ်သတ်မယ်လို့ပါ ပျူစောထီးကျော်သူဦးက ကြေညာထားပြီး ဒီနေ့အထိ အလောင်းတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဦးဌေးတင်တို့ လင်မယားနဲ့အတူ တွေ့ရှိရတဲ့ အမျိုးသား အလောင်းဟာ နွားထိုးကြီးမြို့နယ်က ပန်းရောင်းသူဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement
“ညောင်ပင်ရွာကို စစ်တပ်ဂိတ်တွေ တပ်စွဲထားတော့ ရွာထဲတော့ ပြည်သူတွေ မနေကြဘူး။ ရွာဘေး ထွက်နေကြတာပေါ့။ ဒီလင်မယားက ရိုးရိုးသားသားလုပ်စားနေကြတာ။ သုံးဘီးမောင်းရင်း သူများဈေးမှာတာလည်း ဝယ်ပေးပေါ့။ ဒီရွာနဲ့ မြင်းခြံလမ်းတလျှောက်က စစ်တပ်ဂိတ်တွေလည်း သူတို့က အမြဲဖြတ်မောင်းနေကြဆိုတော့ ခင်နေတာ။ စစ်တပ်ဂိတ်တွေက ဈေးမှာရင်လည်း ပိုက်ဆံစိုက်ဝယ် ပေးတယ်။ ပို့ပေးတယ်။ ဒီကာလလုပ်စားစရာမရှိတော့ ဒါလုပ်စားနေတာ။ အခု ခေါ်သတ်လိုက်တဲ့ ကျော်သူဦးနဲ့လည်း ရင်းနှီးတယ်။ ဒီကောင်တွေက လမ်းပေါ်သွားလာနေတဲ့ ပြည်သူတွေကို သူတို့သတ်ချင်တဲ့အချိန်သတ်ရတယ်ဆိုတာ ပြတာပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပျူစောထီးကျော်သူဦးရဲ့ ဖခင်ဟာ မြင်းခြံ ခလရ-၁၅က ဖြစ်ပြီး ခြေတဖက်ပြတ်သွားတာကြောင့် တပ်ထဲမှာပဲ နေထိုင်နေတာလို့သိရပါတယ်။ မိခင်ဒေါ်မေသူဆိုသူဟာ ညောင်ပင်ရွာမှာပဲ နေထိုင်နေကာ သုံးဘီးမောင်းသူ လင်မယားနှစ်ဦးကို သူမက ခေါ်ခိုင်းခဲ့တာလို့ သိရပါတယ်။ လက်ရှိ သုံးဘီးမှာလည်း ကျော်သူဦးတို့သားအမိနှစ်ဦး လက်ထဲမှာ ရှ်ိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတ်ဖြတ်ခံလိုက်ရသူ သုံးဘီးမောင်းတဲ့ လင်မယားနှစ်ဦးမှာ အသက် ၁၃နှစ်အရွယ် ၈တန်း ကျောင်းသားတစ်ဦး ကျန်နေခဲ့တယ်လို့ သိရပါတယ်။




















































