Connect with us

Hi, what are you looking for?

သတင်း

ဆက်လက်တော်လှန်တိုက်ပွဲဝင်နေရင် နှစ်အနည်းငယ်အတွင်း ကြီးမားတဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာနိုင်လို့ အသင့်ပြင်ထားဖို့ ချင်းတပ် CPU/CPA ခေါင်းဆောင်ပြော

ကျွန်တော်တို့ ဆက်လက်တော်လှန်နေရင်၊ ဆက်လက်တိုက်ပွဲဝင်နေမယ်ဆိုရင် မြန်မာနိုင်ငံမှာ နှစ်အနည်းငယ်အတွင်း ကြီးမားတဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာနိုင်ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောကြားလိုက်ပါတယ်။

(နိုဝင်ဘာ ၃ ရက်က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ကျင်းပတဲ့ ချင်းနှစ်သစ်ကူးပွဲတော်မှာ ဆလိုင်းယောမာန်က မိန့်ခွန်းပြောကြားစဉ်။ ဓာတ်ပုံ-File)

နိုဝင်ဘာ-၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကျွန်တော်တို့ ဆက်လက်တော်လှန်နေရင်၊ ဆက်လက်တိုက်ပွဲဝင်နေမယ်ဆိုရင် မြန်မာနိုင်ငံမှာ နှစ်အနည်းငယ်အတွင်း ကြီးမားတဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာနိုင်ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ၃ ရက်က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ကျင်းပတဲ့ ချင်းနှစ်သစ်ကူးပွဲတော်ကို ဆလိုင်းယောမာန်က အင်္ဂလိပ်ဘာသာနဲ့ မိန့်ခွန်းပြောကြားစဉ် အခုလို ပြောကြားခဲ့တာပါ။

“ကျွန်တော်တို့ တော်လှန်ရေးနဲ့အတူ ဆက်လျှောက်နေမယ်၊ ဆက်ပြီးတိုက်ပွဲဝင်နေကြမယ်၊ ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေဆီက ရလာတဲ့ ရဲစွမ်းသတ္တိနဲ့ တိုက်ပွဲဝင်စိတ်ဓာတ်တွေကို ပြသနေကြမယ်ဆိုရင်၊ နှစ်အနည်းငယ်အတွင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာမယ့် အပြောင်းအလဲလှိုင်းလုံးသစ်တွေအတွက် ကျွန်တော်တို့ အသင့်ပြင်ထားရပါမယ်” လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်မှာ အခြေအနေတွေက အားရစရာ ကောင်းချင်မှ ကောင်းနိုင်ပေမဲ့ လာမယ့် နှစ်အနည်းငယ်အတွင်းမှာတော့ အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း သူက ဆိုပါတယ်။ အဲဒီအပြောင်းအလဲဟာ ဘယ်နှစ်မှာ ဖြစ်မယ်ဆိုတာ အတိအကျ မပြောလိုပေမဲ့ နှစ်အနည်းငယ်အတွင်း ဖြစ်လာနိုင်တယ်လို့ ယုံကြည်ကြောင်း သူက ဆက်ပြောပါတယ်။

ဒါကြောင့် ဒီအပြောင်းအလဲတွေအတွက် ကျွန်တော်တို့ အသင့်ဖြစ်နေပြီလား၊ ချင်းလူမျိုးများ၊ ညီအစ်ကိုမောင်နှမများအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခု ဖန်တီးပေးနိုင်ဖို့ အဲဒီအခွင့်အလမ်းကို လက်ခံရယူဖို့ ကျွန်တော်တို့ အသင့်ဖြစ်နေပြီလားလို့လည်း ဆလိုင်းယောမာန်က မေးခွန်းထုတ်ခဲ့ပါတယ်။

ချင်းနှစ်သစ်ကူးကာလမှာ နှစ်သစ်ကူးနဲ့အတူ ဖြစ်နိုင်ခြေအသစ်တွေ အခွင့်အလမ်းအသစ်တွေ ပေါ်လာနိုင်တယ်လို့ ဆလိုင်းယောမာန်က ပြောကြားရင်း နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံမှာ အရေးပါတဲ့ နိုင်ငံရေးအပြောင်းအလဲကြီး ဖြစ်လာနိုင်ကြောင်း သူက ပြောကြားခဲ့တာပါ။

၆ မိနစ်ကျော်ကြာတဲ့ သူ့ရဲ့ မိန့်ခွန်းမှာ ချင်းပြည်နယ်ကနေ ထွက်ပြေးလာကြတဲ့ ချင်းပြည်သူတွေကို မီဇိုရမ်ပြည်နယ်က လက်ခံပေးတာ၊ မီဇိုပြည်သူတွေက လက်ခံကူညီပေးတာတွေအတွက် အထူးကျေးဇူးတင်ရှိကြောင်း အလေးအနက် ပြောခဲ့ပါတယ်။

မီဇိုရမ်ရဲ့ လက်ရှိ ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုတွေဟာ မီဇိုတော်လှန်ရေးသမားတွေရဲ့ ရုန်းကန်တိုက်ပွဲဝင်မှုနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကြောင့် ရရှိလာတာဖြစ်တယ်လို့ တွေးမိတယ်လို့ သူက ပြောပါတယ်။ ဒါဟာ သဘာဝအလျောက် ဖြစ်ပေါ်လာတဲ့ ရလဒ်တစ်ခု မဟုတ်ပါဘူး၊ ပြည်သူတွေနဲ့ တော်လှန်ရေးသမားတွေရဲ့ ကြိုးပမ်းရုန်းကန်မှုကနေ ရလာတဲ့ အသီးအပွင့်၊ ရလဒ်တစ်ခု ဖြစ်ပါတယ်။

ခင်ဗျားတို့ သိကြတဲ့အတိုင်း မြန်မာနိုင်ငံမှာလည်း အလားတူအခြေအနေတွေ ဖြစ်ပျက်နေပြီး ကျွန်တော်တို့ဟာ တိုက်ပွဲတွေ၊ ရုန်းကန်မှုတွေကြားမှာ ရှိနေကြပါတယ်လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

CPU/CPA ဟာ လက်ရှိမှာ ချင်းတောင်ပိုင်း မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့နယ်တွေနဲ့ ပလက်ဝမြို့နယ် ဒိုင်ရ်ဒေသတို့ကို ထိန်းချုပ်ထားတဲ့ တော်လှန်ရေးတပ်ဖြစ်ပါတယ်။ ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့ဖြစ်ပြီး လက်ရှိမှာ အာဏာသိမ်းစစ်တပ်ရဲ့ ထိုးစစ်ကို ခုခံတိုက်ခိုက်နေတာပါ။

စစ်တပ်က ချင်းတောင်ပိုင်းဒေသတွေ ပြန်လည်ထိန်းချုပ်နိုင်ဖို့ ၂၀၂၆ ခုနှစ် မေလကတည်းက စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲ ၅ လကြာအတွင်း မြို့တွေ သိမ်းရတာမျိုး မရှိဘဲ CPU/CPA နဲ့ မဟာမိတ်တွေရဲ့ ခုခံတိုက်ခိုက်မှုအောက်မှာ အထိနာလျက်ရှိပါတယ်။

စစ်တပ်ဟာ ချင်းတောင်ပိုင်း ထိုးစစ်အတွက် စစ်အင်အားတွေ ထပ်မံဖြည့်တင်းနေသလို တိုက်ပွဲဖြစ်ပွားရာနေရာတွေကိုသာမက တိုက်ပွဲမရှိတဲ့ အရပ်သား ပြည်သူနေထိုင်ရာနေရာတွေကိုပါ ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

Facebook