Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာကွယ်ရေး ဝန်ကြီးကို ထုတ်ပယ်နိုင်ကြောင်း သတင်းတွေကို ထရမ့်ပယ်ချ

အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးအမျိုးမျိုး ထွက်ပေါ်နေချိန်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ သူ့ရဲ့ ဝန်ကြီးကို ဆက်လက် ယုံကြည် ထောက်ခံနေကြောင်း ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးအမျိုးမျိုး ထွက်ပေါ်နေချိန်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ သူ့ရဲ့ ဝန်ကြီးကို ဆက်လက် ယုံကြည် ထောက်ခံနေကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်ရဲ့ သက်တမ်းဝက် ရွေးကောက်ပွဲမှာ အတိုက်အခံ ဒီမိုကရက်တစ် ပါတီက အောင်ပွဲခံခဲ့ပြီး လွှတ်တော် နှစ်ရပ်စလုံးကို ပြန်လည် ထိန်းချုပ်ခွင့် ရသွားတဲ့နောက် ထရမ့်က ဟက်ဂ်ဆက်သ်ကို ရာထူးက ထုတ်ပယ်မလားဆိုတဲ့ ခန့်မှန်းမှုတွေ ရှိလာခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ အာဏာရ ရီပတ်ဘလစ်ကန် ပါတီကို ဆန့်ကျင်ခဲ့တဲ့ မဲဆန္ဒရှင် အများစုဟာ ထရမ့် ဆင်နွှဲခဲ့တဲ့ အီရန်စစ်ပွဲအပေါ် ဒေါသထွက်နေသူတွေ ဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန်ပါတီ ရှုံးနိမ့်ခဲ့ရာမှာ အီရန်စစ်ပွဲဟာ အဓိကကျတဲ့ အကြောင်းရင်း တစ်ခုလို့ ထရမ့်ရော၊ ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်ကပါ အသိအမှတ်ပြု ဝန်ခံထားခဲ့ပါတယ်။

ဟက်ဂ်ဆက်သ်ကို ထုတ်ပယ်ပြီး လူသစ် တစ်ယောက်ယောက်နဲ့ အစားထိုးမလားလို့ နိုဝင်ဘာ ၄ ရက်နေ့မှာ သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ ထရမ့်က အဲဒီလို အစီအစဉ် မရှိကြောင်း၊ ဟက်ဂ်ဆက်သ်က သူ့အလုပ်သူ ကောင်းကောင်း လုပ်ပြနေတယ်လို့ ယူဆကြောင်း ပြန်ဖြေသွားပါတယ်။

ဒီအဖြေဟာ သမိုင်းကြောင်းထဲက တူညီတဲ့ နောက်ခံတစ်ခုနဲ့ ကွဲပြားနေပါတယ်။ ၂၀၀၆ ခုနှစ်တုန်းကလည်း အီရတ်စစ်ပွဲကို ကန့်ကွက်တဲ့ လူထုရဲ့ ဆန္ဒမဲကြောင့် သမ္မတ ဂျော့ဘုရှ်ရဲ့ ရီပတ်ဘလစ်ကန် ပါတီဟာ သက်တမ်းဝက် ရွေးကောက်ပွဲမှာ အရေးနိမ့်ပြီး လွှတ်တော်နှစ်ရပ်ကို ဒီမိုကရက်တစ် ပါတီက ထိန်းချုပ်ခွင့် ရသွားခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ ရွေးကောက်ပွဲအပြီး နောက်တစ်နေ့မှာတင် ကာကွယ်ရေး ဝန်ကြီး ဒေါ်နယ်လ် ရမ်းစ်ဖဲလ်ကို ဘုရှ်က ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ်မှာ ထရမ့်က ဟက်ဂ်ဆက်သ်ကို ဖယ်ရှားမှာ မဟုတ်ဘူးလို့ ပြောထားပေမယ့်လည်း ပါတီတွင်း သတင်းရင်းမြစ် တချို့ကတော့ ရွေးကောက်ပွဲ ရှုံးနိမ့်မှု ဆန်းစစ်ချက်တွေ အပြီးမှာ ထရမ့်ဟာ ဟက်ဂ်ဆက်သ်ကို ထုတ်ပယ်တာမျိုး ဖြစ်ကောင်း ဖြစ်လာနိုင်ခြေ ရှိနေဆဲလို့ မှတ်ချက်ပေးထားပါတယ်။

ထရမ့်ဟာ အီရန်စစ်ပွဲကို စတင်ပြီး သီတင်းပတ်တချို့အကြာ မတ်လကုန်တုန်းက စစ်ပွဲနဲ့ ပတ်သက်ပြီး ရဲရဲရင့်ရင့် ထောက်ခံရပ်တည်ပေးခဲ့တဲ့ ဟက်ဂ်ဆက်သ်ရဲ့ ပြတ်သားမှုကို လူသိရှင်ကြား ချီးကျူးခဲ့ဖူးပါတယ်။ အီရန်မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်သွားလို့ မရတာကြောင့် လုပ်သင့်တာကို လုပ်ဖို့ ဟက်ဂ်ဆက်သ်က အရင်ဆုံး ရှေ့ထွက်လာပြီး ထောက်ခံခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။

အဲဒီတုန်းကတော့ အမေရိကန်ဟာ အီရန်စစ်ပွဲကို ခပ်မြန်မြန် အဆုံးသတ်နိုင်ဖို့ ယုံကြည်ချက် ရှိနေခဲ့ပါတယ်။ လက်တွေ့မှာတော့ စစ်ပွဲဟာ ၈ လကျော် ကြာမြင့်လာပြီဖြစ်ပြီး အကျိုးဆက်တွေကလည်း အမေရိကန် ပြည်သူတွေအပေါ် သက်ရောက် ရိုက်ခတ်လာနေပါတယ်။

နိုဝင်ဘာ ၄ ရက်နေ့မှာတော့ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ် ကိုယ်တိုင်က ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ပါတီ ရှုံးနိမ့်ခဲ့တာဟာ အီရန်စစ်ပွဲကြောင့်လို့ အတိအလင်း ပြစ်တင် ဝေဖန်ခဲ့ပြီး အဲဒီတန်ကြေးက တကယ်ပဲ ထိုက်တန်ရဲ့လားလို့ပါ မေးခွန်းထုတ်သွားခဲ့ပါတယ်။

ဟက်ဂ်ဆက်သ်ဟာ ရာထူးက ဖယ်ရှားခံရနိုင်တယ်ဆိုတဲ့ ထင်ကြေးတွေ ရှိနေပေမယ့် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဝန်ကြီးဟာ သမ္မတ ထရမ့်ရဲ့ ရာထူးသက်တမ်း ကုန်ဆုံးမယ့် တာဝန်ဆက်လက် ထိမ်းဆောင်ဖို့ အပြည့်အဝ စိတ်နှစ်ထားဆဲလို့ မှတ်ချက်ပေးထားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

Facebook