Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားမားစ် ထိပ်ပိုင်း အရာရှိ အပါအဝင် ၇ ဦးသေဆုံး

ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဟားမားစ် ထိပ်ပိုင်း အရာရှိ တစ်ဦးအပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - APAImage

ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဟားမားစ် ထိပ်ပိုင်း အရာရှိ တစ်ဦးအပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

မနှစ်ကတည်းက စတင် အသက်ဝင်တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရှိနေပေမယ့် အစ္စရေးစစ်တပ် (IDF)ဟာ ဂါဇာမှာ ဟားမားစ် ထိပ်ပိုင်း ပစ်မှတ်တွေကို ချေမှုန်းတဲ့ စစ်ဆင်ရေးတွေကို အကန့်အသတ်နဲ့ ဆက်လက် လုပ်ဆောင်နေပါတယ်။

နိုဝင်ဘာ ၂၄ ရက်နေ့တုန်းက တိုက်ခိုက်မှုမှာ ဟားမားစ်ရဲ့ ပြည်တွင်းလုံခြုံရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် နာအင်းမ် အဘူလ် နာဟဲလ်နဲ့ တခြားသူ ၆ ဦး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း လက်နက်ကိုင် တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ဂါဇာရဲ့ ပြည်သူ့ ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရ အရာရှိ မာတွတ် ဘက်ဆဲလ်က ဂါဇာစီးတီးမှာ ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့သူတွေလည်း ရှိပြီး တချို့က အခြေအနေ စိုးရိမ်ရတယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဘယ်နိုင်ငံရေး မဟာမိတ် အဖွဲ့ကမှ ပြတ်သားတဲ့ အသာစီး ရမှုမျိုး မရှိခဲ့တဲ့နောက် အစိုးရသစ် ဖွဲ့စည်းနိုင်ရေး ခက်ခဲနေဆဲပါ။ ဒါပေမဲ့ လက်ရှိ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ယာယီ ဝန်ကြီးချုပ် ရာထူးကို ဆက်လက် ထိန်းသိမ်းထားပြီး စစ်ဆင်ရေးတွေနဲ့ ပတ်သက်လို့ ကွပ်ကဲ ဆုံးဖြတ်ပိုင်ခွင့် ရှိနေဆဲ ဖြစ်ပါတယ်။

ဘက်ဆဲလ်က ဂါဇာစီးတီးရဲ့ နောက်ထပ် နေရာတစ်ခုမှာလည်း IDFရဲ့ သီးခြား တိုက်ခိုက်မှုတစ်ခု ကြုံတွေ့ခဲ့ပြီး အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ဘက်ဆဲလ်က ဆိုပါတယ်။ ဂါဇာရဲ့ တောင်ဖက်မှာရှိတဲ့ အယ်လ်မာဝါဆီ ဒေသမှာတော့ တစ်နေ့တည်းမှာတင် တတိယမြောက် လေကြောင်းတိုက်ခိုက်မှု ခံစားခဲ့ရပြီး ရဲစခန်း တစ်ခုကို ထိမှန်ရာက လူ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဟားမားစ် လက်အောက်ခံ ဂါဇာ ရဲတပ်ဖွဲ့က သေဆုံးသူတွေထဲမှာ အသက် ၂၃ နှစ်နဲ့ ၃၃ နှစ်အရွယ် ရဲနှစ်ဦး ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုဟာ ဂါဇာက ရဲလုပ်ငန်း ယန္တရားကို စနစ်တကျ ပစ်မှတ်ထား ဖျက်ဆီးနေတဲ့ လုပ်ရပ်ရဲ့ အစိတ်အပိုင်း တစ်ခုလို့လည်း ဂါဇာ ရဲတပ်ဖွဲ့က ရှုတ်ချထားပါတ်ယ။

ဂါဇာမှာ ၂ နှစ်ကျော် စစ်ပွဲဖြစ်ပွားပြီးတဲ့နောက် မနှစ်က အောက်တိုဘာလမှာ အပစ်ရပ် သဘောတူညီမှု စတင် အသက်ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီသဘောတူညီမှုကို ချိုးဖောက်နေတယ်လို့ အစ္စရေးရော၊ ဟားမားစ်ကပါ အပြန်အလှန် စွပ်စွဲမှုတွေ ရှိနေပါတယ်။

အပစ်ရပ်ကာလ စတင်ပြီးနောက်ပိုင်း ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၁၆၅၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ကြောင်း ဟားမားစ် လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဂါဇာရဲ့ ၆၀ ရာခိုင်နှုန်းကို အစ္စရေး စစ်တပ်က ထိန်းချုပ်ထားပြီး ဒေသခံ လူဦးရေ ၂.၁ သန်းထဲက အများစုဟာ ခနော်နီ ခနော်နဲ့ ဆောက်လုပ်ထားတဲ့ ယာယီ ရွက်ဖျင်တဲလေးတွေမှာ နေထိုင်နေကြရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ