Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဘယ်လ်ဂျီယမ်က အဖွားအိုတစ်ဦး ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲနှစ်ခု တပြိုင်တည်း ကူးစက်ခံရပြီး ကွယ်လွန်

အစောပိုင်းမှာ သူ့ရဲ့ သွေးထဲက အောက်စီဂျင် ပါဝင်မှု အခြေအနေက ကောင်းမွန်ခဲ့ပေမယ့် ရက်ပိုင်းအတွင်း သိသိသာသာ ဆုတ်ယုတ်လာခဲ့ပါတယ်။ ၅ ရက် အကြာမှာတော့ ကွယ်လွန်သွားခဲ့ရှာပါတယ်

ဘယ်လ်ဂျီယမ် နိုင်ငံမှာ အဖွားအို တစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲနှစ်ခု တပြိုင်တည်း ကူးစက်တာ ခံရပြီး ကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။

အသက် ၉၀ အရွယ် အမျိုးသမီးကြီးဟာ အယ်လ်စတာမြို့က သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာတစ်ခုမှာ နေထိုင်သူပါ။ မတ်လတုန်းက သူဟာ နေထိုင်မကောင်း ဖြစ်လာပြီး ဆေးစစ်ကြည့်တော့ Covid-19 ရောဂါ ကူးစက် ခံထားရကြောင်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ အဖွားအိုဟာ Covid-19 ကာကွယ်ဆေး မထိုးရသေးခင်မှာ ကူးစက်မှု ခံခဲ့ရတာ ဖြစ်ပါတယ်။

အစောပိုင်းမှာ သူ့ရဲ့ သွေးထဲက အောက်စီဂျင် ပါဝင်မှု အခြေအနေက ကောင်းမွန်ခဲ့ပေမယ့် ရက်ပိုင်းအတွင်း သိသိသာသာ ဆုတ်ယုတ်လာခဲ့ပါတယ်။ ၅ ရက် အကြာမှာတော့ ကွယ်လွန်သွားခဲ့ရှာပါတယ်။ အဲဒီအချိန်မှာ ဆေးသုတေသန ပညာရှင်တွေက ကွယ်လွန်သူတွေဆီက ဆေးစစ်ချက် နမူနာတွေကို ရယူထားပြီး နောက်ပိုင်းကျမှ ပြန်လည် စစ်ဆေးကြည့်ကြပါတယ်။

တွေ့ရှိလာတဲ့ အချက်အလက်တွေက သိပ္ပံ ပညာရှင်တွေအတွက် အံ့ဩစရာ ဖြစ်ခဲ့ပြီး အမျိုးသမီးကြီး ကွယ်လွန်ချိန်မှာ ကိုရိုနာဗိုင်းရပ်စ် အယ်လ်ဖာရော၊ ဘီတာ မျိုးကွဲတွေပါ တပြိုင်တည်း ကူးစက် ခံထားရတာ တွေ့ရှိခဲ့ပါတယ်။ အယ်လ်ဖာ မျိုးကွဲကို ဗြိတိန်မှာ စတွေ့ခဲ့ပြီး ဘီတာ မျိုးကွဲကတော့ တောင်အာဖရိက နိုင်ငံမှာ စတင် သန္ဓေပြောင်းခဲ့တာ ဖြစ်ပါတယ်။ မတ်လလောက်တုန်းက အဲဒီ မျိုးကွဲ နှစ်ခုစလုံးဟာ ဘယ်လ်ဂျီယမ် နိုင်ငံ အနှံ့မှာ ပျံ့နှံ့ ကူးစက်နေခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

လူနာ တစ်ဦးကို ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲနှစ်ခု တပြိုင်တည်း ကူးစက်ဖို့ ဆိုတာဟာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စမျိုးလို့ OLVဆေးရုံက မော်လီကျူး ဇီဝဗေဒ ပညာရှင် အန်း ဗန်ကီရာဘာဂန်က ပြောပါတယ်။ သူဟာ အဲဒီ ဆေးစစ် သုတေသနပြု လုပ်ငန်းကို အဓိက ဦးဆောင်နေသူပါ။

ကံမကောင်းစွာနဲ့ပဲ အမျိုးသမီးကြီးဆီမှာ ရောဂါ ဘယ်လိုဘယ်ပုံ ကူးစက်လာသလဲ ဆိုတာကို သဲလွန်စ ရှာမတွေ့ဘဲ ဖြစ်နေတယ်လို့လည်း ဒေါက်တာ ဗန်ကီရာဘာဂန်က ပြောပါတယ်။ မတူညီတဲ့ မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်တွေ တပြိုင်တည်း ကူးစက်ဖို့ဆိုတာ ခဲယဉ်းတယ်လို့ ယူဆထားပေမယ့် အခုကိစ္စကို ကြည့်ရင် ဖြစ်နိုင်ခြေကို လျှော့မတွက်သင့်ဘူးလို့လည်း သူက ထောက်ပြခဲ့ပါတယ်။

ဇန်နဝါရီလတုန်းကလည်း ဘရာဇီးမှာ လူနှစ်ဦးကို မတူညီတဲ့ မျိုးကွဲဗိုင်းရပ်စ်တွေ တပြိုင်တည်း ကူးစက်ခဲ့တယ်လို့ ယုံကြည်ရကြောင်း သိပ္ပံပညာရှင်တွေက ပြောကြားဖူးပေမယ့် သိပ္ပံနည်းကျ လေ့လာ ဆန်းစစ်မှု အချက်အလက်တွေ မထုတ်ပြန်သေးပါဘူး။ ဒီလို ကူးစက်မှု ပုံစံမျိုးတွေရဲ့ ပြင်းထန်မှု အလားအလာ၊ ကာကွယ်ဆေးအပေါ် အနှောင့်အယှက် ပေးနိုင်ခြေတွေကိုတော့ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် လေ့လာ သုတေသန ပြုနေကြဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။

သတင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စာရင်းများအရ ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်ကမ္ဘာလုံးတွင် COVID-19 လူနာသစ်ဖြစ်ပွားမှု မြင့်တက်လာသည်ဟု ဆိုသည်။

နိုင်ငံတကာ

ရူသာဖို့ဒ် မိသားစုဝင်တွေဟာ မျိုးနဲ့ရိုးနဲ့ ကမ္ဘာပတ် ပျံသန်းသူတွေလို့တောင် ညွှန်းဆိုနိုင်ပြီး သူ့အစ်မကြီး ဇာရာ ရူသာဖို့ဒ်ကလည်း ကမ္ဘာပတ်ပြီး တစ်ကိုယ်တော် ပျံသန်းခဲ့တဲ့ အသက် အငယ်ဆုံး အမျိုးသမီးအဖြစ် စံချိန် တင်ထားခဲ့ပါတယ်။ သူ့ရဲ့ ခရီးစဉ်ကိုတော့ အခုနှစ်၊ ဇန်နဝါရီလမှာ အဆုံးသတ်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကလေးတွေက အနီကွက်တွေ၊ အနာဖုတွေကို လက်သည်းတွေနဲ့ ကုတ်တာ၊ ဆိတ်တာမျိုး မလုပ်မိဖို့လိုပြီး အဲဒီကျရင် ရောဂါ လက္ခဏာတွေက ပိုပြင်းထန်သွားနိုင်တယ်လို့လည်း သိရပါတယ်။