Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် အပါအဝင် ၁၀ နိုင်ငံ သံအမတ်တွေ တူရကီကနေ နှင်ထုတ်ခံရဖွယ်ရှိနေ

အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဖင်လန်၊ ဒိန်းမတ်၊ ဂျာမနီ၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေးနဲ့ ဆွီဒင် သံရုံးတွေက ကာဗလာကို လွှတ်ပေးဖို့ ပူးတွဲ ကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲက ၇ နိုင်ငံဟာ တူရကီရဲ့ NATO မဟာမိတ်တွေ ဖြစ်ကြပါတယ်။

အမေရိကန် အပါအဝင် နိုင်ငံ ၁၀ ခုက သံအမတ်ကြီးတွေကို တူရကီ အစိုးရက နှင်ထုတ်မယ့် အခြေအနေ ရှိနေကြောင်း သိရပါတယ်။

တူရကီ သမ္မတ ရာဂျစ် တာယစ်ပ် အာဒိုဝမ်က အဲဒီ ၁၀ နိုင်ငံက သံအမတ်ကြီးတွေကို တူရကီက မကြိုဆို မလိုလားတဲ့ လူပုဂ္ဂိုလ်တွေအဖြစ် သတ်မှတ် ကြေညာလိုက်ပါတယ်။ ဒီသတ်မှတ်ချက်ရဲ့ နောက်ဆက်တွဲအဖြစ် သံတမန် သတ်မှတ်ချက်ကို ပယ်ဖျက်ပြီး ပြည်နှင်ဒဏ် ပေးတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

တူရကီက နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ အိုစမာ ကာဗလာကို ပြန်လွှတ်ပေးဖို့ အဲဒီ ၁၀ နိုင်ငံ သံရုံးတွေက ပူးတွဲ ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်တဲ့နောက် အာဒိုဝမ်ဖက်က အခုလို တုံ့ပြန်ခဲ့တာပါ။ ကာဗလာဟာ အာဏာသိမ်းဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ကျနေတာ ၄ နှစ်လောက် ကြာမြင့်နေပြီဖြစ်ပြီး ပြစ်မှုထင်ရှားကြောင်း စီရင်ချက် မချမှတ်နိုင်သေးပါဘူး။

အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဖင်လန်၊ ဒိန်းမတ်၊ ဂျာမနီ၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေးနဲ့ ဆွီဒင် သံရုံးတွေက ကာဗလာကို လွှတ်ပေးဖို့ ပူးတွဲ ကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲက ၇ နိုင်ငံဟာ တူရကီရဲ့ NATO မဟာမိတ်တွေ ဖြစ်ကြပါတယ်။

Public Service Announcement

Public Service Announcement

အက်စ်ကီဆီဟာမြို့မှာ လူထုထောက်ခံပွဲတစ်ခု ပြုလုပ်တဲ့အခါ အာဒိုဝမ်က နိုင်ငံခြား သံတမန်တွေ အနေနဲ့ တူရကီ နိုင်ငံခြားရေး ဝန်ကြီးဌာနဆီ လာရောက်ပြီး ဘာလုပ်ရမယ်၊ ညာလုပ်ရမယ် အမိန့်ပေးနေစရာ အကြောင်းမရှိဘူးလို့ ပြောကြားသွားပါတယ်။ သူဟာ နိုင်ငံခြားရေး ဝန်ကြီးဌာနကို လုပ်သင့် လုပ်ထိုက်တာတွေ လုပ်ဖို့ ချက်ချင်း အမိန့်ပေးခဲ့ကြောင်း၊ ၁၀ နိုင်ငံ သံတမန်တွေကို တူရကီက မလိုလား၊ မကြိုဆိုသူတွေအဖြစ် သတ်မှတ်လိုက်ကြောင်း သမ္မတက ဆိုပါတယ်။

ဒါပေမဲ့ နောက်ဆက်တွဲအဖြစ် သံအမတ်တွေကို အမှန်တကယ် နှင်ထုတ်မလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အာဒိုဝမ်က သံအမတ်တွေ အနေနဲ့ တူရကီရဲ့ အနေအထားကို နားလည်မှု ပေးနိုင်ရင်ပေး၊ မပေးနိုင်ရင် နိုင်ငံကနေ ထွက်သွားဖို့ အသိပေးထားကြောင်း ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။

တူရကီ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ကာဗလာ ကိစ္စနဲ့ ပတ်သက်လို့ တာဝန်မဲ့ ကြေညာချက် ထုတ်ပြန်တယ်ဆိုပြီး ၁၀ နိုင်ငံ သံအမတ်ကြီးတွေကို ခေါ်ယူ သတိပေးခဲ့ပါသေးတယ်။ ကာဗလာဟာ ၂၀၁၃ တုန်းက ပြည်လုံးကျွတ် ဆန္ဒပြပွဲတွေမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ မနှစ်က ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့ပေမယ့် ချက်ချင်းလိုလို ပြန်အဖမ်းခံခဲ့ရပါတယ်။

နောက်တော့ ကွင်းလုံးကျွတ် လွှတ်လိုက်တဲ့ တရားရုံး ဆုံးဖြတ်ချက်ကို ပြန်ပြင်ပြီး ၂၀၁၆ တုန်းက တူရကီမှာ ဖြစ်ပွားတဲ့ အာဏာသိမ်းရေး အားထုတ်မှုမှာ ကြံရာပါအဖြစ် စွဲချက်အသစ်တွေ ထပ်တိုးခံခဲ့ရပါတယ်။ ကာဗလာကတော့ သူဟာ ဘာအမှားမှ မကျူးလွန်ခဲ့ကြောင်းနဲ့ အာဒိုဝမ်က တရားဥပဒေကို လိုသလို အသုံးချပြီး ပြိုင်ဘက်တွေကို ဖိနှိပ်နေကြောင်း စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ အာဒိုဝမ်ကတော့ တူရကီရဲ့ တရားရေး စနစ်ဟာ ခိုင်မာ အားကောင်းနေဆဲ ဖြစ်တယ်လို့ ကာကွယ် ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံအတွက် ဒေါ်လာ ၁ ဘီလီယံဖိုး စစ်လက်နက် အစိတ်အပိုင်းတွေ ရောင်းချဖို့ အမေရိကန်က သဘောတူ ခွင့်ပြုလိုက်ပါတယ်။

နိုင်ငံတကာ

ရုရှားမှာ ဓာတ်ခွဲခန်း မတော်တဆမှု တစ်ခုကနေ အဆုတ်ရောင် ပလိပ်ရောဂါနဲ့ သေဆုံးတဲ့ ဖြစ်စဉ်တစ်ခုကို အထူး ဂရုစိုက် စောင့်ကြည့်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံတကာ

ဗြိတိန်နိုင်ငံက ဖဲဖို့ဒ်လေတပ်စခန်းမှာ ဖြန့်ကျက်ထားတဲ့ ဗုံးကြဲလေယာဉ်ကြီးတွေ အားလုံးကို အမေရိကန်က ပြန်လည် ရုပ်သိမ်းထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒီဇယ်တင်ပို့ ရောင်းချမှုတွေကို အမေရိကန်က ကန့်သတ် ပိတ်ပင်သွားမှာ မဟုတ်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook