ဂျပန်နိုင်ငံမှာ အခုနှစ် ဆောင်းရာသီရဲ့ ပထမဆုံး ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်မှုတွေကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရပါတယ်။
ကူးစက်နှုန်း မြင့်မားတဲ့ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ် ကူးစက်မှုတွေကို နိုင်ငံ အရှေ့မြောက်ပိုင်းက မွေးမြူရေးခြံ တစ်ခုမှာ တွေ့ခဲ့ရကြောင်း စိုက်ပျိုးရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ကြက်ခြံမှာ ရောဂါ ကူးစက်မှုတွေ တွေ့ရှိခဲ့တဲ့နောက် ယိုကိုတေးမြို့မှာ မွေးမြူထားတဲ့ ကြက်ကောင်ရေ ၁၄၃၀၀၀ လောက်ကို ဖျက်ဆီးပစ်ခဲ့ပါတယ်။
ဒါ့အပြင် ပြည်ပကို ကြက်သားနဲ့ ကြက်ဥ တင်ပို့မှုတွေကိုလည်း ဆိုင်းငံ့ထားစေလိုက်ပါတယ်။ ကြက်ငှက်တုပ်ကွေး ရောဂါ ကူးစက်မှုကို နယ်မြေ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိမသွားအောင် အစွမ်းကုန် ထိန်းချုပ်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိ အခြေအနေတွေအရ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ဟာ လူသားတွေဆီ ကူးစက်တဲ့ အထောက်အထားတော့ မတွေ့ရသေးဘူးလို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကိုဗစ် ကပ်ရောဂါကနေ တဖြည်းဖြည်းချင်း နာလန်ပြန်ထလာတဲ့ ကမ္ဘာကြီးအတွက် နောက်ထပ် ကပ်ရောဂါ တစ်ခု ဖြစ်လာနိုင်ခြေတိုင်းကို ဂရုတစိုက် တားဆီးဖို့ အရမ်းအရေးကြီးကြောင်း ပညာရှင်တွေက သတိပေးထားပါတယ်။

Public Service Announcement
အခုနှစ်အတွင်း တရုတ်မှာ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်တဲ့ H5N6က လူသား ၂၁ ဦးကို ကူးစက်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ထုတ်ပြန်ထားပါတယ်။ မနှစ်တုန်းက လူသားတွေကို ကြက်ငှက်တုပ်ကွေး ကူးစက်မှု ၅ ခုသာ ရှိခဲ့ပါတယ်။ တရုတ်မှာ ကူးစက်ခံရသူ ၂၁ ဦးအနက် ၆ ဦးသေပြီး ကျန်တဲ့လူတွေလည်း အတော်ကြီး ပြင်းပြင်းထန်ထန် ဖျားနာခဲ့ကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ပိုလန်နဲ့ ဥရောပ နိုင်ငံတချို့မှာ ကြက်ငှက် တုပ်ကွေး ကူးစက်မှုတွေ စစ်ဆေး တွေ့ရှိခဲ့ပြီး မွေးမြူရေး ကြက်ဘဲ ကောင်ရေ ၆၅၀၀၀၀ လောက်ထိကို ဖျက်ဆီးခဲ့ရပါတယ်။ ကြက်ငှက်တုပ်ကွေးဟာ ရာသီအလိုက် ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ဆောင်းခိုငှက်တွေကနေတဆင့် မွေးမြူရေး ခြံတွေဆီ ရောက်ရှိလာနိုင်ပါတယ်။
ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်တိုင်းက လူကို ကူးစက်တတ်တာမျိုး မဟုတ်ပေမယ့် တချို့ ဗီဇပြောင်း အမျိုးအစားတွေက လူသားတွေမှာပါ ရောဂါ ဖြစ်ပွားစေနိုင်ပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ကြောင်း သိရပါတယ်။


















































