အိုင်အက်စ် အကြမ်းဖက် အဖွဲ့ရဲ့ ခေါင်းဆောင်ကို ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲပြီး သုတ်သင်နိုင်ခဲ့ကြောင်း အမေရိကန် အစိုးရက ကြေညာခဲ့ပါတယ်။
အမေရိကန် စစ်တပ်ရဲ့ အထူး ကွန်မန်ဒိုတွေဟာ အဘူ အီဘရာဟင် အယ်လ်ဟာရှီမီ အယ်လ် ကွီရာရှီ ပုန်းအောင်းနေတဲ့ သုံးထပ်တိုက် တစ်လုံးကို တိတ်တဆိတ် ဝန်းရံပြီး လက်ရ ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြောင်း ဖေဖော်ဝါရီ ၃ ရက်မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ကွီရာရှိက အဖမ်းမခံဘဲ ကိုယ့်ကိုယ်ကိုယ် အသေခံ ဖောက်ခွဲသွားခဲ့တာလို့ ဘိုင်ဒန်က အတည်ပြုပါတယ်။ အမေရိကန် တပ်ဖွဲ့ဝင်တွေ ဝင်ရောက် စစ်ဆေးချိန်မှာ ကွီရာရှီနဲ့ မိသားစုဝင်တွေ အပါအဝင် ၁၃ ဦးထက်မနည်းရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ပါတယ်။
ဒီစစ်ဆင်ရေးမှာ ကွီရာရှီအပြင် သူ့ရဲ့ အားထားရတဲ့ လက်ထောက် ခေါင်းဆောင် တစ်ယောက်ပါ သေဆုံးသွားတယ်လို့ ဘိုင်ဒန်က ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ လက်ထောက် ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ အမေရိကန် အာဏာပိုင်တွေက မီဒီယာတွေဆီ အသိမပေးသေးပါဘူး။
ကွီရာရှီကို ရှင်းလင်းလိုက်တာဟာ ကမ္ဘာကြီးအတွက် ခေါင်းခဲရမယ့် ခြိမ်းခြောက်မှု တစ်ခုကို ဖယ်ရှားလိုက်တာ ဖြစ်တယ်လို့ ဘိုင်ဒန်က ကြွေးကြော်ပါတယ်။ အိုင်အက်စ် အဖွဲ့ဖက်ကတော့ သူတို့ခေါင်းဆောင် သေဆုံးတယ်ဆိုတဲ့ သတင်းကို လတ်တလော ဘာမှတ်ချက်မှ မပေးသေးပါဘူး။

Public Service Announcement
လေ့လာသူတွေကတော့ ကွီရာရှီ သေဆုံးမှုဟာ အိုင်အက်စ်အတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်ပေမယ့် ဒီအကြမ်းဖက် အုပ်စုဟာ နောက်တစ်ကြိမ် ပြန်စုစည်းလာနိုင်သေးတယ်လို့ သုံးသပ်ကြပါတယ်။
ကွီရာရှီဟာ အိုင်အက်စ်ရဲ့ ပြိုင်ဘက် စစ်သွေးကြွတွေ ထိန်းချုပ်ထားရာ အက်တ်မားဟ်မြို့ ဆင်ခြေဖုံးမှာ မထင်မရှား ပုန်းခိုနေတာ ဖြစ်ပါတယ်။ အဲဒီနေရာက တူရကီနဲ့ နယ်စပ်ချင်း ထိစပ်နေရာ အစ်ဒ်လစ်ဘ်ပြည်နယ် မြောက်ပိုင်းနဲ့ ဆက်စပ်နေပါတယ်။ အက်တ်မားဟ်ကို ထိန်းချုပ်ထားတဲ့ စစ်သွေးကြွ အဖွဲ့တွေဟာ အိုင်အက်စ်နဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေလည်း ဖြစ်ပွားနေပါတယ်။
အမေရိကန် ရရှိတဲ့ ထောက်လှမ်းရေး အစီရင်ခံစာတွေမှာတော့ ကွီရာရှီဟာ သုံးထပ်တိုက်ရဲ့ အလယ်ထပ်မှာ မိသားစုနဲ့အတူ နေထိုင်နေကြောင်း ဖော်ပြထားပါတယ်။ အဲဒီကနေတဆင့် ဆက်သားတွေကို အသုံးပြုပြီး ဆီးရီးယားနဲ့ တခြားနေရာတွေက အိုင်အက်စ်ရဲ့ လုပ်ငန်းစဉ်တွေကို စီမံထိန်းချုပ်နေခဲ့တာလို့ ဆိုပါတယ်။
အဆောက်အအုံရဲ့ တခြားအထပ်မှာ နေထိုင်တဲ့ မိသားစုတွေက သူတို့ဟာ ကွီရာရှီနဲ့ အိမ်နီးချင်း ဖြစ်နေမှန်းတောင် မသိကြဘူးလို့ ဘိုင်ဒန်က ပြောပါတယ်။ အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေဟာ မဆိုင်တဲ့ အရပ်သားတွေ ထိခိုက်မှု မရှိအောင် စစ်ဆင်ရေးကို အသပ်ရပ်ဆုံး လုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း အမေရိကန် သမ္မတက ချီးကျူးသွားပါတယ်။ အမေရိကန် တပ်တွေဟာ အဆောက်အအုံကို ထွက်ပေါက်မရှိအောင် ဝိုင်းလိုက်ပြီးတဲ့နောက် ပတ်ဝန်းကျင်မှာ နေထိုင်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အာရပ်ဘာသာနဲ့ လော်စပီကာကနေတဆင့် ကြိုတင် ညွှန်ကြားခဲ့ပါတယ်။
ဖျက်ဆီးရေးသမား (The Destroyer)လို့ နာမည်ဆိုး ရထားတဲ့ ကွီရာရှီဟာ ၂၀၁၉ ခုနှစ်မှာ အိုင်အက်စ် ခေါင်းဆောင်ဟောင်း အဘူဘေကာ အယ်လ်ဘဂ္ဂဒက်ဒီ သေဆုံးပြီးတဲ့နောက် သူ့ရဲ့ အရိုက်အရာကို ဆက်ခံခဲ့တာပါ။ ဘဂ္ဂဒက်ဒီဟာ အမေရိကန်တပ်တွေ အဝိုင်းခံရချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး သေကြောင်းကြံသွားခဲ့တာ ဖြစ်ပါတယ်။ သူသေဆုံးပြီး ၄ ရက် အကြာမှာတော့ ကွီရာရှီကို ခေါင်းဆောင်သစ် တင်မြှောက်ကြောင်း အိုင်အက်စ်က ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန် အစိုးရဟာ အီရတ်နွယ်ဖွား အကြမ်းဖက် ခေါင်းဆောင်အကြောင်း သတင်းပေးရင် ဆုငွေ ဒေါ်လာ ၁၀ သန်း ချီးမြှင့်မယ်လို့ ကြေညာထားပါတယ်။
အိုင်အက်စ်ဟာ အစွန်းရောက် ဂျီဟတ်ဒ် လှုပ်ရှားမှုမှာ အအောင်မြင်ဆုံး အကြမ်းဖက် အဖွဲ့တစ်ခုအဖြစ် ရပ်တည်ခဲ့ဖူးပါတယ်။ ဆီးရီးယားနဲ့ အီရတ်က နယ်မြေ တော်တော်များများကို သိမ်းပိုက်ပြီး အစ္စလာမ်မစ် ကိုယ်ပိုင် နိုင်ငံတစ်ခုကို အိုင်အက်စ်က သတ်မှတ် ထူထောင်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ အမေရိကန် အပါအဝင် နိုင်ငံပေါင်းစုံရဲ့ စစ်ဆင် တိုက်ခိုက်မှုတွေကြောင့် အိုင်အက်စ်အဖွဲ့ ပြိုကွဲသွားပေမယ့် သေးငယ်တဲ့ နယ်မြေတချို့ကို ခြေကုပ်ယူပြီး အကြမ်းဖက် လုပ်ငန်းတွေ ဆက်လက် ကျူးလွန်နေဆဲ ဖြစ်ပါတယ်။


















































