ရောမ မြောက်ပိုင်းက ရပ်ကွက်တချို့မှာ ညပိုင်းဆိုရင် တောဝက်ရိုင်းတွေ ရံဖန်ရံခါ လှည့်လည် သွားလာနေတတ်တာ ပုံမှန် အခြေအနေ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တောဝက်တွေကို ပိုအတွေ့ရ များလာသလို လူတွေအတွက် အန္တရာယ် ရှိနိုင်လောက်တဲ့ အနေအထား တချို့နဲ့ပါ ကြုံလာရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကဆိုရင် တောဝက် တစ်ကောင်က ဒေသခံ အမျိုးသမီး တစ်ဦးကို ရန်ပြု တိုက်ခိုက်တဲ့ထိ ဖြစ်လာပါတယ်။ တောဝက်က သူ့ကို တွန်းထိုး လှဲချလိုက်ပြီး အပေါ်ကနေ မိုးထားခဲ့တယ်လို့ ကာယကံရှင် အမျိုးသမီးက ပြောပြပါတယ်။
ဒီအကြောင်းတွေက တဖြည်းဖြည်း လူပြောများလာတဲ့နောက် ဒေသခံတွေက ည ၈ နာရီခွဲ နောက်ပိုင်း အိမ်အပြင် မထွက်တော့ဘဲ သူ့အလိုလို ညမထွက်ရ အမိန့် ထုတ်ထားတဲ့ ပုံစံမျိုး ဖြစ်လာခဲ့ပါတယ်။ အော်ရယ်လီယို ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖရန်ကို ကွာရန်တာက ညမထွက်ရ ကြေညာချက်ဟာ ဒေသခံတွေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ အစီအမံ တစ်ခုလို့ ပြောပါတယ်။ တကယ်လို့ ညဖက် လမ်းထွက်မိလို့ တောဝက်က တိုက်ခိုက်တာ ခံရပြီး ဒဏ်ရာတွေနဲ့ လဲနေရင် ဘယ်သူမှ မသိဘဲ ဖြစ်နေနိုင်တာကြောင့် လူတိုင်း အပြင်မထွက်ကြဖို့ သူက အကြံပြုပါတယ်။
တိရစ္ဆာန် အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေကတော့ တောဝက်တွေဟာ ပုံမှန်ဆိုရင် လူတွေကို ရန်ပြုလေ့ မရှိဘဲ သူတို့ကို ခြိမ်းခြောက်လာတယ်လို့ အထင်မှားတဲ့ အခါမျိုး၊ သားပေါက်လေးတွေကို အကာအကွယ် ပေးချင်တဲ့ အခါမျိုးမှာ၊ ဒါမှမဟုတ် ဆာလောင်မွတ်သိပ်နေတဲ့ အခါမျိုးတွေမှာသာ ရှားရှားပါးပါး တိုက်ခိုက်တတ်ကြတယ်လို့ ကာကွယ် ပြောဆိုထားပါတယ်။

Public Service Announcement
ဒေသဆိုင်ရာ အာဏာပိုင်တွေက ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေပြီး ဒေသခံတွေနဲ့ ညှိနှိုင်း တိုင်ပင်နေတယ်လို့လည်း သိရပါတယ်။


















































