အီတလီနိုင်ငံ၊ ရောမမြို့မှာ အလယ်ခေတ် ရှေးလက်ရာ မျှော်စင်ကြီးတစ်ခု ပြိုကျမှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး ပတ်ဝန်းကျင် ဒေသခံတွေကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ပြန်လည် မွမ်းမံ ထိန်းသိမ်းမှုတွေ လုပ်ဆောင်နေတဲ့ အဲဒီ မျှော်စင်ကြီးဟာ နိုဝင်ဘာ ၃ ရက်နေ့က တစိတ်တပိုင်း ပြိုကျခဲ့ပြီး ဆောက်လုပ်ရေး ဝန်ထမ်း ၁ ဦး သေဆုံးခဲ့တာလို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ သေဆုံးသူဟာ ရိုမေးနီးယား နိုင်ငံသား တစ်ဦးဖြစ်ပြီး အပျက်အစီးတွေ အောက်ကနေ သူ့ကို ခက်ခက်ခဲခဲ ရှာဖွေ ကယ်ထုတ်ခဲ့ရတာပါ။ ကယ်ဆယ်ရေးတွေက သူ့ကို ဆေးရုံဆီ ရွှေ့ပြောင်းသယ်ဆောင်သွားချိန်ထိ သူက သတိရှိနေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
အော့တေး စထရိုင်ဆီကို ကယ်တင်နိုင်ဖို့ အစွမ်းကုန် မဆုတ်မနစ် ကြိုးစားခဲ့ပေမယ့် ကြေကွဲစရာအဖြစ် အရာမထင်ခဲ့ဘူးလို့ အမ်ဘာတို အမှတ် ၁ ဆေးရုံက ကြေညာခဲ့ပါတယ်။ ရောမမြို့လယ်က ရှေးလက်ရာ မျှော်စင်ဟောင်းကြီး ပြိုကျမှုအပြီး အဲဒီနေရာ တဝိုက်ကို အသွားအလာ ကန့်သတ်ထားပြီး အနီးတဝိုက် နေအိမ်တချို့က ဒေသခံတွေကိုလည်း ယာယီ ပြောင်းရွှေ့ထားစေပါတယ်။
မျှော်စင်ပြိုကျချိန်က အထဲမှာ လူ ၃ ဦးရှိနေခဲ့ပြီး ၂ ဦးကတော့ ကိုယ်တိုင် လွတ်မြောက်လာနိုင်ခဲ့ပါတယ်။ သူတို့ထဲက ၁ ဦးက ဒဏ်ရာပြင်းပြီး ဆေးရုံမှာ ကုသမှု ခံနေရဆဲပါ။

Public Service Announcement
ကယ်ဆယ်ရေးတွေက စထရိုင်ဆီကို ကယ်ထုတ်ဖို့ ကြိုးစားချိန်မှာ ရှုပ်ထွေးသိမ်မွေ့တဲ့ အခက်အခဲတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့် သူ့ကို ထမ်းစင်နဲ့ သယ်ထုတ်ဖို့ ကြိုးစားချိန်မှာ မျှော်စင်က နောက်တစ်ကြိမ် ထပ်ပြိုကျခဲ့လို့ အန္တရာယ်များတဲ့ အခြေအနေတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ အပျက်အစီးပုံအောက်မှာ စထရိုင်ဆီ ရှိနေနိုင်မယ့် နေရာကို ဒရုန်းတစ်စီးနဲ့ ဝင်ရောက် ရှာဖွေခဲ့ပြီးတဲ့ နောက်မှာမှ သူ့ကို သတိကြီးကြီးနဲ့ ကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။
ပြိုကျမှု ဖြစ်ပွားရာ တိုရီဒိုင်ကွန်တီ မျှော်စင်ဟာ ရောမရဲ့ အလယ်ခေတ်လက်ကျန် အဆောက်အအုံတွေထဲက တစ်ခုဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွားတွေ ကြားမှာလည်း ရေပန်းစားပါတယ်။ ၁၃ ရာစုတုန်းက ပုပ်ရဟန်းမင်း တတိယ Innocent လက်ထက်မှာ အဲဒီ မျှော်စင်ကို တည်ဆောက်ခဲ့ပြီး မူလက မီတာ ၅၀ ကနေ ၆၀ ထိ မြင့်ခဲ့မယ်လို့ ယူဆရပေမယ့် အခုတော့ ၂၉ မီတာသာ ကြွင်းကျန်ပါတော့တယ်။ ၁၄ နဲ့ ၁၇ ရာစုတွေတုန်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေအတွင်း မျှော်စင်ရဲ့ အပေါ်ပိုင်း အထပ်တွေ ပျက်စီးခဲ့ပြီး အဲဒီအပိုင်းတွေကို ပြင်ဆင်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် ဖြိုချခဲ့ရကြောင်းလည်း သိရှိရပါတယ်။
ကိုးကား: DW



















































