Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ဥရောပကို ခေါင်းခြောက်လာစေတဲ့ လက်ယာစွန်းဝါဒ အားသစ်လောင်းမှုများ

မူဆိုလီနီနောက်ပိုင်း အီတလီမှာ ပထမဆုံး လက်ယာစွန်း ဝန်ကြီးချုပ်တစ်ဦး အာဏာရလာတဲ့နောက် ဥရောပ သမဂ္ဂနဲ့ အီတလီကြား ဆက်ဆံရေးအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာမလဲဆိုတဲ့ မေးခွန်းကတော့ အနာဂတ်မှာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပါလိမ့်မယ်။

စက်တင်ဘာ လကုန်ပိုင်းမှာ ရွေးကောက်ပွဲ မကျင်းပခင် ကတည်းက အီတလီရဲ့ တကျော့ပြန် အားကောင်းလာတဲ့ လက်ယာစွန်း နိုင်ငံရေး အင်အားစုတွေ အနိုင်ရလိမ့်မယ်ဆိုတဲ့ ထင်ကြေးတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တကယ်လည်း လက်ယာစွန်း အီတလီ ညီနောင်များ အင်အားစု (Fdl)က အနိုင်ရပြီး ဂျော်ဂျီယာ မယ်လိုနီက ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မှာပါ။ သူဟာ အီတလီ နိုင်ငံသမိုင်းမှာ ပထမဆုံး ဝန်ကြီးချုပ်ဆိုတဲ့ ဂုဏ်ယူစရာ မှတ်တမ်းတစ်ခုကို ရေးထိုးပါလိမ့်မယ်။ ဒါပေမဲ့ အီတလီ အပါအဝင် ဥရောပ တနံတလျားမှာ ဆွေးနွေး ငြင်းခုန်မှုတွေကတော့ အီတလီမှာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဖက်ဆစ်တွေ ပြန်လည် အာဏာရလာပြီလားဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

ကမ္ဘာ့သမိုင်းမှာ အကျည်းတန်ခဲ့တဲ့ ဖက်ဆစ် ဝါဒဆိုတာဟာ အလွန်အကျွံ အစွန်းရောက်သွားတဲ့ လက်ယာယိမ်း အမျိုးသား နိုင်ငံရေး အမြင်တစ်ခု ဖြစ်ပါတယ်။ ဖက်ဆစ်ဝါဒရယ်၊ ကြောင်းတူသံကွဲ နာဇီဝါဒရယ်ဟာ ကမ္ဘာစစ်မီးကို လောင်မြိုက်စေတဲ့ အဓိက လှုံ့ဆော်မှုတွေအဖြစ် ရှုမြင်ခံရတာကြောင့် စစ်ပြီးခေတ် ဥရောပတိုက်မှာ ဖက်ဆစ်ဝါဒ ခေါင်းပြန်မထောင်လာအောင် ဝိုင်းဝန်း ချိုးနှိမ်ခဲ့ကြတယ်။ လက်ယာစွန်း အမျိုးသားရေး ဝါဒကို နီယိုဖက်ဆစ် ဝါဒအဖြစ် သတ်မှတ်ခဲ့ကြတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အမေရိကန်မှာ အစွန်းရောက် အမျိုးသားရေး ဝါဒီတစ်ယောက်ဖြစ်တဲ့ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်ခဲ့တဲ့နောက်ပိုင်း ဥရောပရဲ့ နိုင်ငံရေး အတွေးအမြင်အပေါ် သက်ရောက်မှုတွေ ရှိလာတယ်။ နီယိုဖက်ဆစ် ဝါဒီတွေဟာ လူထုရဲ့ လက်ခံမှုကို မသိမသာနဲ့ ပြန်လည် သိမ်းသွင်းလာတယ်။ နီယိုဖက်ဆစ် တစ်ဦးအဖြစ် သမိုင်းကြောင်းနောက်ခံ အထင်အရှား ရှိနေတဲ့ မယ်လိုနီဟာ အခုအခါ အီတလီမှာ ဝန်ကြီးချုပ် ဖြစ်လာပါတော့မယ်။ အဲဒီမတိုင်ခင် ရက်ပိုင်းအလိုကလည်း ဆွီဒင် ရွေးကောက်ပွဲမှာ လက်ယာစွန်း နိုင်ငံရေး အင်အားစုတွေအပေါ် ထောက်ခံမှု သိသိသာသာ မြင့်တက်လာပြီး လက်ဝဲယိမ်း အစိုးရကို ဖယ်ရှားလိုက်နိုင်တဲ့ ဖြစ်စဉ်မျိုး ကြုံထားဖူးသေးတာကြောင့် ဥရောပမှာ နီယိုဖက်ဆစ်ဝါဒ ထွန်းကားလာတော့မလားဆိုတဲ့ စိုးရိမ်မှုတွေ စတင်စိမ့်ဝင်လာတာ လွန်တယ်လို့တော့ မပြောသာပါဘူး။

ဆွီဒင် ရွေးကောက်ပွဲမှာ လက်ယာစွန်း နိုင်ငံရေး အင်အားစုက ထောက်ခံမဲ ၂၀ ရာခိုင်နှုန်းလောက် ရရှိခဲ့တာကြောင့် လက်ဝဲယိမ်း အစိုးရအဖွဲ့ကို ဖြုတ်ချနိုင်ခွင့် ရှိလာတဲ့ အချိန်မှာ ဒီမိုကရက် ပါတီရဲ့ မီဒီယာ တာဝန်ခံနဲ့ နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ ရေဘက္ကာ ဖော်လန်ဗစ်ခ်က ‘ဟဲလ်ဂ်ဆီဂါ’ဆိုတဲ့ စကားလုံးကို သုံးနှုန်း ကြွေးကြော်သွားပါတယ်။ ဒါဟာ သီတင်းပတ်ကုန်ကာလ အောင်ပွဲဆိုတဲ့ အဓိပ္ပါယ်မျိုး သတ်မှတ်နိုင်ပါတယ်။ စနေ၊ တနင်္ဂနွေမှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရတာကြောင့် ဒီစကားလုံးနဲ့ အောင်ပွဲခံခဲ့တာလို့ ဖော်လန်ဗစ်ခ်က ဆိုတယ်။ ဒါပေမဲ့လည်း အဲဒီ စကားလုံးဟာ ဒုတိယ ကမ္ဘာစစ်တုန်းက နာဇီတွေ အလေးပြုတဲ့အခါ ကြွေးကြော်တဲ့ ‘ဟဲလ်ဆီဂါ’ဆိုတဲ့ အသံနဲ့ အရမ်းနီးစပ်နေတယ်။ နောက်ပြီး ဖော်လန်ဗစ်ခ်က ပုဒ်အထားအသိုကို ပြောင်းလဲပြီး သုံးနှုန်းထားတာကြောင့်လည်း သို့လော သို့လော တွေးစရာတွေ ဖြစ်လာတယ်။ ဖော်လန်ဗစ်ခ်ကတော့ သူဟာ ဖက်ဆစ်စနစ်ကို ထောက်ခံသူ မဟုတ်ပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ဆွီဒင်နာဇီတွေ ကျယ်ကျယ်ပြန့်ပြန့် သုံးနှုန်းခဲ့တဲ့ ဝေါဟာရနဲ့ အရမ်းနီးစပ်တဲ့ စကားမျိုးကို ရွေးကောက်ပွဲ အောင်မြင်မှုမှာ သုံးနှုန်းသွားသလဲ ဆိုတာကတော့ သူကိုယ်တိုင်ပဲ အကြောင်းရင်းကို နားလည်မှာ ဖြစ်ပါတယ်။

အီတလီနဲ့ ဆွီဒင်တို့ဟာ ဥရောပ တောင်ဖက်စွန်းနဲ့ မြောက်ဖက်စွန်းမှာ ရှိနေတဲ့ နိုင်ငံတွေပါ။ ယဉ်ကျေးမှုနဲ့ လူနေမှု ဓလေ့စရိုက်တွေလည်း ကွဲပြားပါတယ်။ ဒါပေမဲ့ အဲဒီလို နိုင်ငံနှစ်ခုမှာ ခေတ်သစ် လက်ယာစွန်း နိုင်ငံရေး ဝါဒီတွေ တပြိုင်တည်း အားကောင်းလာတဲ့ အခြေအနေက ထူးခြားပါတယ်။ တစ်ဖက်က စဉ်းစားကြည့်ရင်တော့လည်း အမျိုးသားရေး ဝါဒ ဆိုတာဟာ နိုင်ငံတစ်ခုတည်းနဲ့ သက်ဆိုင်တဲ့ အတွေးအမြင် မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ အတိုင်းအတာ တစ်ခုထိ လက်ခံထားတဲ့ နိုင်ငံရေး ဝါဒတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်ဘေး ဆိုသလိုပဲ လက်ယာစွန်း အတွေးအမြင်တွေ လွန်ကဲပြီး ဖက်ဆစ်ဝါဒ ပြန်လည် ပီပြင်လာမှာကို ဥရောပ နိုင်ငံတွေက စိုးရိမ်ပါတယ်။ အဲဒီလို စိုးရိမ်နေရင်းနဲ့ပဲ အီတလီနဲ့ ဆွီဒင်က အခြေအနေမျိုးတွေ စကြုံလာရတာပါပဲ။

Public Service Announcement

Public Service Announcement

အထူးသဖြင့် အနေအေးပြီး ဆိုရှယ် ဒီမိုကရက်ဝါဒ ထွန်းကားတဲ့၊ မျှတတဲ့ သဘောထား အမြင်မျိုး ရှိတဲ့၊ အမျိုးသား အကျိုးစီးပွား လက်ဝါးကြီး အုပ်မှုကို အစဉ်အဆက် လက်မခံခဲ့တဲ့ ဆွီဒင် လူ့အဖွဲ့အစည်းမှာ လက်ယာစွန်းဝါဒ အားကောင်းလာခြင်းဟာ တုန်လှုပ်စရာ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဆွီဒင်က နိုင်ငံရေးသမား တချို့နဲ့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေကတော့ ခေတ်သစ် ဆွီဒင် လူ့အဖွဲ့အစည်းမှာ မညီမျှမှုတွေ၊ တာဝန်မဲ့မှုတွေ၊ ရွှေ့ပြောင်း အခြေချသူတွေအပေါ် စာနာမှုကင်းတဲ့ ခွဲခြားဆက်ဆံမှုတွေက နီယိုဖက်ဆစ်တွေကို ခြေကုပ်မြဲလာစေတယ်လို့ ဝေဖန်ကြပါတယ်။ ဖော်လန်ဗစ်ခ် ပါဝင်နေတဲ့ ဆွီဒင် ဒီမိုကရက် ပါတီဆိုရင် နာဇီဝါဒ အခြေခံတွေ ကိန်းအောင်းနေတယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။ အဲဒီပါတီဟာ ၁၉၈၈ ခုနစ်က နီယိုပါတီ နိုင်ငံရေး အစုအဖွဲ့ တစ်ခုကို အကြောင်းပြုပြီး စတင် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

အီတလီမှာတော့ မယ်လိုနီကို ထောက်ခံသူတွေက မယ်လိုနီဟာ ဖက်ဆစ်တစ်ယောက် မဟုတ်သလို မူဆိုလီနီ လက်သစ်လည်း မဟုတ်ပါဘူးလို့ အကြောက်အကန် ငြင်းချက် ထုတ်နေကြတယ်။ သူဟာ အမေရိကန်နဲ့ ဆက်ဆံရေး ညက်ညောပြီး တစ်ယူသန် အမျိုးသားရေး ဝါဒကို ဆွဲကိုင်မထားဘူးလို့လည်း မယ်လိုနီရဲ့ အမာခံ ပရိသတ်တွေက ပြောပါတယ်။ ဥရောပက နီယိုနာဇီတွေ၊ နီယိုဖက်ဆစ်တွေဟာ မူအားဖြင့် အမေရိကန်ကို မုန်းတီးလေ့ ရှိပါတယ်။ ဖက်ဆစ်ဝါဒ ပျက်သုဉ်းသွားတာဟာ အမေရိကန်ရဲ့ စနက်ကြောင့် ဆိုတာမျိုး ခေတ်သစ် ဥရောပ ဖက်ဆစ်ဝါဒီတွေမှာ အစွဲရှိပါတယ်။ မယ်လိုနီကတော့ သူ့ရဲ့ လက်ယာစွန်း အမျိုးသားရေး အမြင်ကို ဘယ်တော့မှ ဖုံးကွယ်မထားပေမယ့် ဖက်ဆစ် တစ်ယောက်လို့တော့ ဝန်မခံပါဘူး။ သူဟာ အီတလီရဲ့ အကျိုးစီးပွားကို ဦးစားပေးမယ့် လက်ယာယိမ်း နိုင်ငံရေးသမား တစ်ယောက်သာ ဖြစ်တယ်လို့ မယ်လိုနီက ဆိုတယ်။ အခုဆိုရင် ယူကရိန်း-ရုရှား စစ်ပွဲကို အကြောင်းပြုပြီး စွမ်းအင် ပြတ်တောက်မှုတွေကြောင့် ဥရောပ နိုင်ငံတော်တော်များများဟာ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာနေရပါပြီ။ မယ်လိုနီကတော့ သူဦးဆောင်တဲ့ အစိုးရသစ်ဟာ ဒီကိစ္စမျိုးမှာ အီတလီ နိုင်ငံရဲ့ တစ်မျက်နှာတည်းကိုပဲကြည့်ပြီး မူဝါဒတွေ ချမှတ် ကိုင်တွယ်မယ်လို့ ယတိပြတ် ပြောထားပါတယ်။ သူ့ကို အားပေးသူတွေကလည်း မယ်လိုနီရဲ့ အမျိုးသား အကျိုးစီးပွား ဦးစားပေးမှုကြောင့် အီတလီဟာ ဂျာမနီကို ကျော်ပြီး ဥရောပရဲ့ အင်အားအကြီးဆုံး နိုင်ငံ ဖြစ်လာမယ်လို့ လော်ဘီ လုပ်နေကြပါတယ်။

စိတ်ဝင်စားစရာ အချက်တစ်ခုကတော့ မယ်လိုနီက သူဟာ ရုရှား-ယူကရိန်း စစ်ပွဲမှာ ယူကရိန်းကို အပြည့်အဝ ဆက်လက် ထောက်ခံပြီး ပံ့ပိုးသွားမယ်လို့ ကတိပြုထားတာပါပဲ။ ဒါဟာ သူ့အပေါ် ဖက်ဆစ် တံဆိပ်ကပ်ချင်နေတဲ့ အတိုက်အခံတွေကို မဟာဗျူဟာကျကျ တုံ့ပြန်ပြီး အနောက်ဥရောပ၊ အထူးသဖြင့် NATO အဖွဲ့ဝင် နိုင်ငံတွေရဲ့ ယုံကြည်မှုကို ပိုမိုရယူနိုင်ဖို့ ခင်းကျင်းလိုက်တဲ့ အစီအမံ တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ မယ်လိုနီက ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဆီ ဖုန်းဆက်ပြီး သူ့ရဲ့ Fdl နိုင်ငံရေး မဟာမိတ် အဖွဲ့ဟာ ယူကရိန်းအတွက် အစွမ်းကုန် ဆက်လက် အားပေး ကူညီသွားမယ်လို့ အာမခံခဲ့ပါတယ်။ သူဟာ ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာပြီးနောက်ပိုင်း ပထမဆုံး နိုင်ငံခေါင်းဆောင် တစ်ဦးနဲ့ ဖုန်းပြောရာမှာ ဇီလန်စကီးကို ရွေးချယ်ခဲ့တာပါ။

တစ်ဖက်မှာလည်း အီတလီကနေတဆင့် ဥရောပကို ဝင်ရောက်ချင်တဲ့ ရွှေ့ပြောင်း အခြေချသူတွေအတွက် အစစ အရာရာ ပိုပြီး ခက်ခဲလာနိုင်ပါတယ်။ အမျိုးသားရေး ဝါဒီတစ်ယောက် အနေနဲ့ မယ်လိုနီဟာ ရွှေ့ပြောင်း အခြေချသူတွေကို ကျူးကျော်သူတွေအဖြစ် ယူဆတာ၊ မျက်မုန်းကျိုးနေတာ မဆန်းပါဘူး။ အီတလီဟာ မြေထဲပင်လယ်ကို စွန့်စား ဖြတ်ကျော်လာတဲ့ ရွှေ့ပြောင်း အခြေချသူတွေ အဓိက ပစ်မှတ်ထားရာ နိုင်ငံတစ်ခု ဖြစ်ပြီး မယ်လိုနီက ဒီကိစ္စကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်မှာ သေချာပါတယ်။

အီတလီနဲ့ ဆွီဒင်က နိုင်ငံရေး အခြေအနေ အပြောင်းအလဲတွေကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဥရောပမှာ ဖက်ဆစ်ဆိုတဲ့ စကားလုံးက ပြန်ပြီး ခေတ်စားလာပါတယ်။ ဒါပေမဲ့ ခေတ်ချင်း မတူသလို ပိုမို နည်းလမ်းကျတဲ့ ထိန်းညှိမှုတွေကြောင့် မူဆိုလီနီခေတ် ဖက်ဆစ်ဝါဒမျိုးကို ပြန်အသက်သွင်းဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ မယ်လိုနီရော၊ ဆွီဒင်က လက်ယာစွန်း အင်အားစုတွေပါ ဒီအခြေအနေကို ကောင်းကောင်း သဘောပေါက်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဥရောပမှာ လက်ယာစွန်းဝါဒ အားကောင်းလာတာကို ဆိုရှယ် ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတွေက စိတ်ပူကြတာလည်း သဘာဝ ကျပါတယ်။ မူဆိုလီနီနောက်ပိုင်း အီတလီမှာ ပထမဆုံး လက်ယာစွန်း ဝန်ကြီးချုပ်တစ်ဦး အာဏာရလာတဲ့နောက် ဥရောပ သမဂ္ဂနဲ့ အီတလီကြား ဆက်ဆံရေးအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာမလဲဆိုတဲ့ မေးခွန်းကတော့ အနာဂတ်မှာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပါလိမ့်မယ်။

ဆက်စပ်သတင်းများ

သတင်း

အခုဆိုရင် ဥရောပ ကောင်စီဟာ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၉၉ ဦးနဲ့ အဖွဲ့အစည်း ၁၉ ခုထိကို အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ထားပြီး ဖြစ်ပါတယ်။

နိုင်ငံတကာ

Sky Shieldမှာ NATO စစ်မဟာမိတ် အဖွဲ့ဝင် တစ်ဒါဇင်ကျော်လောက် ပါဝင်ဖို့သာ ကနဦး ညှိနှိုင်းထားပေမယ့် အခုအခါမှာတော့ ဘက်မလိုက် နိုင်ငံနှစ်ခုပါ လာရောက် ချိတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။

နိုင်ငံတကာ

လူကာရှန်ကိုက သူအာဏာရလာချိန် ဘီလားရုစ်မှာ အကျဉ်းသား ၅၀၀၀၀ လောက် ရှိခဲ့ရာက အခုဆိုရင် ၂၂၀၀၀ လောက်သာ ကျန်တော့ကြောင်း၊ မီဒီယာတွေက စွပ်စွဲ ရေးသားသလို သူဟာ ပြည်သူတွေကို ထောင်ချပြီး ဖိနှိပ်နေတဲ့ အာဏာရှင် တစ်ဦးသာ သေချာရင် သိပ်ပြီး အားမကောင်းလှတဲ့ အာဏာရှင်မျိုး...

သတင်း

ထပ်မံရရှိသော သတင်းအချက်အလက်များအရ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့အပါအဝင် စစ်ဗိုလ်ချုပ်များနှင့် စစ်ကောင်စီအဖွဲ့ဝင် စုစုပေါင်း ၂၄ ဦး နှင့် အဖွဲ့အစည်း တစ်ခုတို့ကို ဥရောပကောင်စီ၏အရေးယူပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခဲ့သည်။