Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နေကြတ်မှုကို မြောက်အမေရိကမှာ လူသန်းပေါင်းများစွာ စောင့်ကြည့်ခဲ့

မြောက်အမေရိက တနံတလျားမှာ နေကြတ်မှုကို စောင့်ကြည့်ရင်း ပျော်ပွဲရွှင်ပွဲတွေ၊ ဖျော်ဖြေပွဲတွေအပြင် စုဝေးလက်ထပ် ထိမ်းမြားတဲ့ အခမ်းအနားတွေပါ ကျင်းပခဲ့တယ်လို့လည်း သိရပါတယ်။

နေကြတ်မှုကို မြောက်အမေရိကမှာ လူသန်းပေါင်းများစွာ စောင့်ကြည့်ခဲ့
နေကြတ်မှုကို မြောက်အမေရိကမှာ လူသန်းပေါင်းများစွာ စောင့်ကြည့်ခဲ့

အပြည့်အဝ နေကြတ်မှု ဖြစ်စဉ်ကို မြောက်အမေရိက တနံတလျားမှာ လူသန်းပေါင်းများစွာက စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ခဲ့ကြပါတယ်။

မတ်လ ၈ ရက်မှာ နေကြတ်မှု ဖြစ်စဉ်ကို မြင်ရဖို့အတွက် မြင်ကွင်း အကောင်းဆုံး နေရာတွေဆီ မိုင်ထောင်နဲ့ချီ ခရီးသွားခဲ့သူတွေတောင် ရှိတယ်လို့ ဆိုပါတယ်။ နေကြတ်မှု ဖြစ်စဉ် အမေရိကန်ရဲ့ ပြည်နယ် ၁၅ ခုနဲ့ မက္ကဆီကို၊ ကနေဒါ နိုင်ငံတွေရဲ့ တချို့ အစိတ်အပိုင်းတွေကနေ ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ကြရပါတယ်။

တချို့ကလည်း ကောင်းကင်ကို ကြည်ကြည်လင်လင် မြင်တွေ့ရတဲ့ ပန်းခြံတွေနဲ့ လေဟာပြင်တွေမှာ စုဝေးရင်း နေကို လအရိပ်ဖုံးလို့ အမှောင်ကျသွားတဲ့ အချိန်ကို ပွဲတော်တွေ ကျင်းပရင်း စောင့်ဆိုင်းနေခဲ့တာ တွေ့ရပါတယ်။

နေကြတ်မှု ဖြစ်စဉ်ကို မြောက်အမေရိကတိုက်မှာ အထင်ရှားဆုံး တွေ့မြင်ရပေမယ့် ကမ္ဘာနဲ့ လရဲ့ ရွေ့လျားမှု လမ်းကြောင်းတွေအရ တခြား ကမ္ဘာ့အစိတ်အပိုင်း တချို့ကလည်း အထိုက်အလျောက် မြင်တွေ့ရတာမျိုး ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နေကြတ်တာဟာ အရမ်းထူးခြားတဲ့ ကိစ္စမျိုးတော့ မဟုတ်သလို ၁၁ လကနေ ၁၈ လလောက်အတွင်း တစ်ကြိမ်လောက် ဖြစ်တတ်ပါတယ်။ ဒါပေမဲ့လည်း အခုတစ်ကြိမ်လိုမျိုး နေကြတ်တာကို လူဦးရေ အရမ်းထူထပ် များပြားတဲ့ နေရာတွေကနေ တိုက်ရိုက် မြင်ရတာကတော့ မြောက်အမေရိကမှာ ရှားပါးဖြစ်စဉ်လို့ ဆိုနိုင်ကြောင်း သိရပါတယ်။

နက္ခတ်ဗေဒ ပညာရှင်တွေက နေကြတ်တာကို အထင်ရှားဆုံး မြင်ရမယ့် နေရာတွေကို ကြိုတင် စာရင်းပြုစု ထုတ်ပြန်ပေးထားခဲ့ပြီး လူတွေကလည်း စိတ်လှုပ်ရှားမှု အပြည့်နဲ့ စောင့်နေခဲ့ကြပါတယ်။ ကမ္ဘာပေါ်မှာ နေကြတ်လို့ အရိပ်မည်းကြီး စထိုးလာတာကိုတော့ မက္ကဆီကို နိုင်ငံက ကြည်လင်တဲ့ ရေလှိုင်းတွေ တဖိတ်ဖိတ် တောက်ပနေခဲ့တဲ့ မာဇက်လန် ဒေသက ကမ်းခြေတွေမှာ စတင် ကြုံတွေ့ခဲ့ရပါတယ်။ အမေရိကန်မှာတော့ တက္ကဆက်စ် ပြည်နယ်ဟာ နေကြတ်မှုကို ပထမဆုံး မြင်ရတဲ့ဒေသ ဖြစ်လာပါတယ်။

အခုနှစ် နေကြတ်မှုကို အမေရိကန် တစ်နိုင်ငံတည်းမှာတင် လူပေါင်း သန်း ၅၀ နီးပါးလောက်က တွေ့မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အမေရိကန်ဟာ ၂၀၁၇ တုန်းကလည်း အပြည့်အဝ နေကြတ်မှု ဖြစ်စဉ်ကို မြင်တွေ့ခွင့် ရခဲ့ဖူးပြီး အခုလိုမျိုး ထူးကဲတဲ့ မြင်ကွင်းကို ၂၀၄၅ ခုနှစ်ထိ အမေရိကန်မှာ ထပ်မြင်ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

နေကြတ်မှုကြောင့် မက္ကဆီကိုရဲ့ ပစိဖိတ် ကမ်းရိုးတန်းတွေဟာ မှောင်အတိ ကျသွားခဲ့ပြီး နောက်ပိုင်းမှာတော့ ဒီသက်ရောက်မှုဟာ မြောက်ဖက်က အမေရိကန်နဲ့ ကနေဒါတို့ဆီ ဆက်လက် ရွေ့လျားသွားခဲ့ပါတယ်။

မြောက်အမေရိက တနံတလျားမှာ နေကြတ်မှုကို စောင့်ကြည့်ရင်း ပျော်ပွဲရွှင်ပွဲတွေ၊ ဖျော်ဖြေပွဲတွေအပြင် စုဝေးလက်ထပ် ထိမ်းမြားတဲ့ အခမ်းအနားတွေပါ ကျင်းပခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ