Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ လူသားချင်း စာနာမှု မစ်ရှင်အတွက် တည်ဆောက်ထားတဲ့ ယာယီဆိပ်ခံကို အမေရိကန် ရုပ်သိမ်း

အရှုပ်အထွေးမျိုးစုံ၊ ပြဿနာမျိုးစုံ ကြုံခဲ့ပြီးတဲ့နောက် အမေရိကန်ဟာ ဂါဇာ ကမ်းမြှောင်ဒေသမှာ လူသားချင်း စာနာမှု မစ်ရှင်တွေအတွက် အသုံးပြုမယ့် ယာယီ ဆိပ်ခံကို အပြီးတိုင် ဖယ်ရှား ရုပ်သိမ်းတော့မှာ ဖြစ်ပါတယ်။

အရှုပ်အထွေးမျိုးစုံ၊ ပြဿနာမျိုးစုံ ကြုံခဲ့ပြီးတဲ့နောက် အမေရိကန်ဟာ ဂါဇာ ကမ်းမြှောင်ဒေသမှာ လူသားချင်း စာနာမှု မစ်ရှင်တွေအတွက် အသုံးပြုမယ့် ယာယီ ဆိပ်ခံကို အပြီးတိုင် ဖယ်ရှား ရုပ်သိမ်းတော့မှာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အဲဒီ ယာယီ ဆိပ်ခံဟာ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်း စစ်ရှောင် ပြည်သူတွေအတွက် လိုအပ်တဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို ရေလမ်းကြောင်းကနေ တင်ပို့နိုင်ဖို့ ထိထိရောက်ရောက် အကူအညီ ပေးနိုင်လိမ့်မယ်လို့ ကြွေးကြော်ခဲ့ဖူးပါတယ်။ ဆိပ်ခံကြောင့် အမေရိကန်နဲ့ မဟာမိတ် တပ်ဖွဲ့ဝင်တွေဟာ ဂါဇာမှာ ခြေမချဘဲ လူသားချင်း စာနာမှု မစ်ရှင်တွေကို ပါဝင်ကူညီနိုင်မှာ ဖြစ်တယ်လို့လည်း ဘိုင်ဒန်က ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဒေါ်လာ သန်း ၃၀၀ ကျော် ကုန်ကျခဲ့တဲ့ ဆိပ်ခံ စီမံကိန်းကို စုစုပေါင်း ရက် ၂၀ လောက်သာ လက်တွေ့ အသုံးပြုနိုင်ခဲ့ပါတယ်။ ဆိပ်ခံကို တပ်ဆင်တည်ဆောက်ခဲ့ရတဲ့ အချိန်ကတောင် အသုံးပြုနိုင်ခဲ့တဲ့ အချိန်ထက် နှစ်ဆလောက် ပိုကြာခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

ဆိပ်ခံရဲ့ အဓိက ရည်ရွယ်ချက်ဟာ ဂါဇာကို ရေလမ်းကြောင်းကနေ တင်ပို့တဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို အစ္စရေး ထိန်းချုပ်ထားရာ ဆိပ်ကမ်းတွေကနေ မဖြတ်ဘဲ ပါလက်စတိုင်း ပြည်သူတွေဆီ တိုက်ရိုက် ရောက်ရှိစေဖို့ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီယာယီဆိပ်ခံဟာ လှိုင်းလေပြင်းထန်မှုကြောင့် အစိတ်အပိုင်းတချို့ ကျိုးထွက်ကုန်ပြီး ပြန်လည် ပြင်ဆင်ခဲ့ရပါတယ်။ ဒါ့အပြင် ပါလက်စတိုင်း အရပ်သားတွေ တော်တော်များများ ထိခိုက်သေဆုံးခဲ့ရတဲ့ အစ္စရေးရဲ့ ဓားစာခံ ကယ်ဆယ်ရေး မစ်ရှင်တစ်ခုမှာ အဲဒီ ဆိပ်ခံကို အသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာလို့ အမေရိကန်က အသည်းအသန် ငြင်းဆိုခဲ့ရပါတယ်။

အခုအခါမှာတော့ ဆိပ်ခံကနေတဆင့် ပမာဏ များပြားလှစွာသော ထောက်ပံ့ရေး ပစ္စည်းတွေကို ဂါဇာမှာရှိတဲ့ အရပ်သား ပြည်သူတွေဆီ ပို့ဆောင်နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ဒါကြောင့် ယာယီဆိပ်ခံရဲ့ မူလရည်မှန်းချက် ပြည့်မြောက်သွားပြီလို့ သတ်မှတ်ပြီး မစ်ရှင်ကို ရုပ်သိမ်းတော့မှာဖြစ်ကြောင်း အမေရိကန် ဗဟိုစစ်ရေးကွပ်ကဲမှုဌာန ဒုတိယ အကြီးအကဲ နောက်တန်း သေနာပတိ ဘရတ်ဒ် ကူးပါးက ကြေညာသွားပါတယ်။

ဆိပ်ခံမှာ လူသားချင်း စာနာမှု မစ်ရှင်အတွက် တာဝန်ပေးထားတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေကိုလည်း ပြန်လည် ခေါ်ဆောင်သွားမယ်လို့ ကူးပါးက ပြောဆိုခဲ့ပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်မသွားခဲ့ပါဘူး။

ရက်ပေါင်း ၂၀ လောက်အတွင်း အဲဒီဆိပ်ခံကနေ ဂါဇာကို ထောက်ပံ့ရေးပစ္စည်း ပေါင်ချိန် ၁၉.၄ သန်းထိ တင်ပို့နိုင်ခဲ့တယ်လို့ ကူးပါးက ဆိုပါတယ်။ အခုမစ်ရှင်မှာ အစ္စရေးဆီက ထိရောက်တဲ့ ပံ့ပိုးမှုတွေလည်း ရရှိခဲ့တယ်လို့ အမေရိကန် စစ်တပ်က ပြောကြားထားပါတယ်။

အမေရိကန်က ယာယီဆိပ်ခံရဲ့ ထိရောက် အသုံးဝင်မှုနဲ့ ပတ်သက်လို့ အကောင်းမြင် သုံးသပ်ချက်မျိုး ပြောဆိုနေပေမယ့် အရမ်းတိုတောင်းတဲ့ အချိန်လောက်သာ အသုံးဝင်ပြီး ငွေတွေအများကြီး ကုန်ကျခဲ့ရတဲ့အပေါ် ဝေဖန်မှုတွေရော၊ လှောင်ပြောင်မှုတွေပါ ရှိနေပါတယ်။

ပြီးတော့ ထောက်ပံ့ရေး မစ်ရှင် ကာလအတွင်း မတော်တဆမှုတွေကြောင့် ဆိပ်ခံပေါ်မှာရှိတဲ့ အမေရိကန် စစ်သား ၃ ဦး ဒဏ်ရာရခဲ့ပြီး အခြေအနေ အတော်ဆိုးတဲ့ တစ်ယောက်ကတော့ အမေရိကန်နိုင်ငံထိ ပြန်သယ်ပြီး ဆေးဝါးကုသမှု ခံယူနေရပါတယ်။

ဇွန်လလယ်တုန်းကတော့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)ဟာ အဲဒီ ယာယီဆိပ်ခံကို အသုံးပြုပြီး ပို့ဆောင်တဲ့ အထောက်အပံ့ အားလုံးကို လုံခြုံရေး စိတ်မချရတဲ့ အခြေအနေကြောင့် ရပ်ဆိုင်းထားမယ်လို့ ကြေညာခဲ့ပါတယ်။ ဆိပ်ခံကနေတဆင့် ဂါဇာကို ပို့ဆောင်ပြီး သိုလှောင်ထားတဲ့ လူသားချင်း စာနာမှု ပစ္စည်းတွေကို ထိထိရောက်ရောက် ဖြန့်ဝေပေးဖို့ အဆင့်မှာလည်း စိန်ခေါ်မှုတွေ ကြီးကြီးမားမား ဆက်ရှိနေဆဲလို့ သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

သတင်း

စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံတကာ

၂၀၂၃အောက်တိုဘာကစပြီး ဂါဇာစစ်ပွဲအတွင်း ပါလက်စတိုင်းသတင်းထောက် အနည်းဆုံး ၂၆၀ ဦး သေဆုံးခဲ့

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းထိ ထိန်းချုပ် သိမ်းယူဖို့ အစ္စရေးစစ်တပ် (IDF)ကို အမိန့်ပေးထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောပါတယ်။