Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး ထိန်းချုပ်နယ်မြေထဲက ဘောလုံးကွင်းကို ဒုံးကျည်ထိမှန်လို့ ကလေးတစ်ဒါဇင်လောက် သေဆုံး၊ ဟစ်ဇ်ဘိုလာ လက်ချက်လို့ စွပ်စွဲ

ဇူလိုင် ၂၇ ရက်နေ့တုန်းက လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်ကြောင့် ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့တယ်လို့ အစ္စရေးစစ်တပ် (IDF)က စွပ်စွဲခဲ့ပြီး ဟစ်ဇ်ဘိုလာတွေကတော့ ဒီတိုက်ခိုက်မှုမှာ သူတို့ ပါဝင်ဆက်နွှယ်မှု လုံးဝ မရှိဘူးလို့ အကြောက်အကန် ငြင်းဆိုထားပါတယ်။

အစ္စရေး ထိန်းချုပ်ထားရာ ဂိုလန် ကုန်းမြင့်ဒေသထဲက ဘောလုံးကွင်း တစ်ခုကို ဒုံးကျည်ထိမှန်ရာက ကလေးငယ်တွေနဲ့ လူငယ်တွေ စုစုပေါင်း တစ်ဒါဇင်လောက် သေဆုံးပြီး နောက်ထပ် အများအပြား ဒဏ်ရာရသွားခဲ့ပါတယ်။

ဇူလိုင် ၂၇ ရက်နေ့တုန်းက လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်ကြောင့် ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့တယ်လို့ အစ္စရေးစစ်တပ် (IDF)က စွပ်စွဲခဲ့ပြီး ဟစ်ဇ်ဘိုလာတွေကတော့ ဒီတိုက်ခိုက်မှုမှာ သူတို့ ပါဝင်ဆက်နွှယ်မှု လုံးဝ မရှိဘူးလို့ အကြောက်အကန် ငြင်းဆိုထားပါတယ်။

အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟစ်ဇ်ဘိုလာတွေဟာ အစ္စရေးနဲ့ ကျောင်းတော်က ရန်စ ရှိခဲ့သလို ဂါဇာကမ်းမြှောင် ဒေသမှာ အစ္စရေးနဲ့ ဟားမားစ်ပြောက်ကျားတွေကြား စစ်ပွဲတွေ စတင်လာချိန် ကတည်းက အစ္စရေးမြောက်ပိုင်း နယ်မြေတွေဆီ ဒုံးကျည်တွေနဲ့ မကြာခဏ ပစ်ခတ်ခဲ့ပါတယ်။ အစ္စရေးကလည်း နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေနဲ့ တုံ့ပြန်တာကြောင့် နှစ်ဖက်ကြားမှာ စစ်ရေးတင်းမာမှုတွေ မြင့်မြင့်မားမား ရှိနေခဲ့ပြီးသားပါ။

Public Service Announcement

Public Service Announcement

အခုဖြစ်စဉ်ကတော့ ဂိုလန်မှာရှိတဲ့ မက်ဂျ်ဒဲလ်ရှမ်စ်ဆိုတဲ့ မြို့လေးထဲက ဘောလုံးကွင်းထဲ ဒုံးကျည် ကျရောက်ခဲ့တာ ဖြစ်ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဒီကိစ္စအတွက် သေချာပေါက် လက်တုံ့ပြန်မယ်လို့ ကြုံးဝါးပြီး ဟစ်ဇ်ဘိုလာတွေ အကြီးအကျယ် ပေးဆပ်ရလိမ့်မယ်လို့ ပြောကြားသွားပါတယ်။

အစ္စရေးနဲ့ ဟားမားစ်တွေရဲ့ စစ်ခင်းတိုက်ခိုက်မှုကို အကြောင်းပြုပြီး တခြား အီရန် ကျောထောက်နောက်ခံ ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ယုတ်စွအဆုံး အီရန်ကိုယ်တိုင်ပါ ပါဝင်လာတဲ့ အရှေ့အလယ်ပိုင်း ဒေသလုံးဆိုင်ရာ စစ်ပွဲကြီး တစ်ခုအဆင့်ထိ ကျယ်ပြန့်လာမှာကို စိုးရိမ်တကြီး ဝေဖန်ထောက်ပြမှုတွေ ရှိနေချိန်မှာ အခုပြဿနာ ပေါ်ပေါက်လာတာပါ။

ကုလသမဂ္ဂကတော့ ပြဿနာတွေ ဆိုးသထက် မဆိုးလာအောင် ဆက်နွှယ်ပတ်သက်တဲ့ အစုအဖွဲ့ အားလုံးက အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဟစ်ဇ်ဘိုလာ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် မိုဟာမက် အာဖစ်ဖ်ကတော့ ဒီတိုက်ခိုက်မှုဟာ သူ့ရဲ့ အဖွဲ့အစည်းနဲ့ ဆက်နွှယ်မှု လုံးဝ မရှိကြောင်း ငြင်းချက်ထုတ်သွားပါတယ်။

အစ္စရေးရဲ့ထုတ်ပြန်ချက်အရ သေဆုံးသူ ၁၂ ဦးဟာ အသက် ၁၀ နှစ်နဲ့ ၂၀ ကြား အရွယ်တွေ ဖြစ်တယ်လို့ သိရပြီး တချို့ အစ္စရေး မီဒီယာတွေကတော့ ၁၀ နှစ်အောက် ကလေးတွေတောင် ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

မက်ဂျ်ဒဲလ်ရှမ်စ်ဟာ ဂိုလန် ကုန်းမြင့်မှာရှိတဲ့ မြို့လေးခုမှာ အပါအဝင်ဖြစ်ပြီး အာရပ်စကားပြော ဒရူဇီ အနွယ်ဝင် ၂၅၀၀၀ လောက် နေထိုင်ပါတယ်။ အခုဖြစ်စဉ် မတိုင်ခင်တုန်းက ဟစ်ဇ်ဘိုလာတွေဟာ အစ္စရေး ပိုင်နက်ဖက် ပစ်ခတ်တိုက်ခိုက်မှု ၄ ကြိမ်ကို သူတို့ လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲက ပစ်မှတ် တစ်ခုဟာ ဘောလုံးကွင်းနဲ့ ၃ ကီလိုမီတာသာ ကွာဝေးပြီး အစ္စရေး-လက်ဘနွန် နယ်စပ်နားမှာ တည်ရှိတဲ့ ဟာမွန်တောင်စောင်းက အစ္စရေး အခြေစိုက် စခန်း ဖြစ်ပါတယ်။

အခင်းဖြစ်တဲ့ နေရာကို ကိုယ်တိုင် ရောက်ရှိခဲ့သူ IDF ပြောရေးဆိုခွင့်ရ အရာရှိ ဒန်နီရယ်လ် ဟာဂါရီက ဟစ်ဇ်ဘိုလာတွေဟာ အဆင်ခြင်မဲ့ လုပ်ရပ်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကို တာဝန်မယူနိုင်တဲ့အခါ ဗြောင်ကျကျ ငြင်းဆိုနေတာလို့ စွပ်စွဲ ပြောကြားသွားပါတယ်။

မနှစ်က အောက်တိုဘာလကစလို့ နယ်စပ်ဖြတ်ကျော်ပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေခဲ့တဲ့တိုင် အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ အလုံးစုံ ကျယ်ပြန့်တဲ့ စစ်ပွဲကြီး အဆင့်ထိ မရောက်အောင် ချုပ်တည်းထားခဲ့ကြပါတယ်။ အခုဖြစ်ရပ်ကြောင့် အဲဒီအခြေအနေအပေါ် ဘယ်လို ရိုက်ခတ်မှုတွေ ရှိလာမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

အမေရိကန်ကို နိုင်ငံတော် အလည်အပတ် ခရီးစဉ် ရောက်ရှိနေတဲ့ အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုဟာ အခုသတင်းကို ကြားသိတဲ့နောက် သတ်မှတ်ထားတာထက် စောပြီး အစ္စရေးကို ပြန်လာခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်ရပ်ထားတဲ့ ကာလအတွင်း အစ္စရေးနဲ့ အီရန်ကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ပထမဆုံးအကြိမ် ပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ် (IDF)ရဲ့ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးချုပ်တစ်ဦး အပါအဝင် လက်ဘနွန် စစ်သားတွေ သေဆုံးခဲ့ကြောင်း သိရပါတယ်။