လူတွေ မသေစေချင်လို့ အစွမ်းရှိသမျှ ကြိုးစားရုန်းကန်ခဲ့တာ ဖြစ်တယ်လို့ အနုကြမ်းစီးသူ တွဲဖက် လေယာဉ်မှူးကို ရနိုင်သမျှ ခုခံခဲ့တဲ့ အိန္ဒိယ လေယာဉ်မှူးက ပြောကြားခဲ့ပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့တုန်းက အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံ၊ ဒူဘိုင်းမြို့ကနေ အစ္စရေးရဲ့ တဲလ်အဗစ်ဗ်ဆီ ဦးတည် ပျံသန်းနေတဲ့ Flydubai ခရီးသည်တင် လေယာဉ်မှာ အနုကြမ်းစီးဖို့ အားထုတ်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ လေယာဉ်မှူး အဒမ် မစ်ချာဟာကို အိုမန်နိုင်ငံသား တွဲဖက်လေယာဉ်မှူးက ဓားနဲ့ထိုးခဲ့ပြီး လေယာဉ်ကို ရုတ်တရက် စိုက်ဆင်းစေခဲ့ပါတယ်။
ဒဏ်ရာအပြင်းအထန် ရထားလျက်သားနဲ့ မစ်ချာဟာက တိုက်ခိုက်သူကို ကြိုးစားခုခံရင်း လေယာဉ်မှူးအခန်း တံခါးကို ရအောင် ဖွင့်ပေးပြီး အကူအညီ တောင်းခံခဲ့တာကြောင့် ခရီးသည်တွေနဲ့ အမှုထမ်းတွေက တွဲဖက်လေယာဉ်မှူးကို ဝိုင်းဝန်း ထွေးလုံးသတ်ပုတ်ပြီး လက်ရ ဖမ်းဆီးခဲ့ပါတယ်။ လေယာဉ်ဟာ ပေပေါင်း ၁၇၀၀၀ လောက်ကို ရုတ်တရက် စိုက်ဆင်းသွားပေမယ့် အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ ဆော်ဒီအာရေးဘီးယား နိုင်ငံမှာ အရေးပေါ် ဆင်းသက်ခဲ့ပါတယ်။
အစ္စရေးနိုင်ငံသား အများစု အပါအဝင် ခရီးသည် ၁၇၄ ဦးနဲ့ အမှုထမ်း ၆ ဦး စီးနင်းလိုက်ပါလာတဲ့ လေယာဉ်ပေါ်မှာ မစ်ချာဟာကလွဲပြီး ကြီးကြီးမားမား ဒဏ်ရာရသူ မရှိခဲ့ပါဘူး။ သူ့ကို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက စစ်မှန်တဲ့ သူရဲကောင်း တစ်ဦးလို့ ချီးကျူးခဲ့ပြီး ဒုတိယမြောက် 9/11 ဖြစ်စဉ်မျိုးကို အဓိက တားဆီးပေးခဲ့သူလို့ ချီးကျူး ညွှန်းဆိုခဲ့ပါတယ်။

Public Service Announcement
အောက်တိုဘာ ၂ ရက်နေ့မှာတော့ မစ်ချာဟာက အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ video call ဖုန်းခေါ်ဆို စကားပြောခဲ့ရင်း အဲဒီ ရင်ထိတ်စရာ အတွေ့အကြုံအကြောင်း ပထမဆုံးအကြိမ် မှတ်ချက်ပေးခဲ့ပါတယ်။
စစချင်းမှာတော့ သူဟာ အသက်လုဖို့ ရုန်းကန်ခဲ့ရကြောင်း၊ ဒဏ်ရာ အရမ်းပြင်းပြင်း ရခဲ့ပြီး လဲကျသွားခဲ့ကြောင်း၊ အဲဒီအချိန်မှာ သူတွေးမိတာက သူသာ ပြန်မထနိုင်ရင် ဘယ်လိုလုပ်မလဲ ဆိုတာဖြစ်ကြောင်း ခရီးစဉ် အမှတ် FZ 1073ကို ဦးဆောင်ပျံသန်းခဲ့တဲ့ လေယာဉ်မှူးက ပြောပါတယ်။
လေယာဉ်မှူး အခန်းရဲ့ ကြမ်းပြင်ပေါ်မှာ လဲကျနေချိန်မှာပဲ လေယာဉ်က ထိုးဆင်းနေတယ် ဆိုတာကို သူသတိထားမိလာကြောင်း၊ တံခါးက သိပ်မဝေးတာကြောင့် နောက်ဆုံး တစ်ခေါက်လောက် အားတင်းပြီး ထကြည့်စမ်းပါလို့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးခဲ့ကြောင်း၊ ဒါပေမဲ့ အဲဒီအချိန်မှာတောင် တွဲဖက်လေယာဉ်မှူးက သူ့ကို ရိုက်နှက် ကန်ကျောက်နေခဲ့ကြောင်း မစ်ချာဟာက ပြောပါတယ်။
နောက်တော့ သူက တံခါးကို ရအောင် ဖွင့်ခဲ့ပြီး အားလုံး ပြေးဝင်လာကြတော့တာပဲလို့ မစ်ချာဟာက မိုဒီကို ပြောပြပါတယ်။ သူက ကိုယ့်အသက်ကိုယ် ကယ်ဖို့ ဒါကို လုပ်ခဲ့တာလည်း ဖြစ်ကြောင်း၊ ဒါပေမဲ့ လူတွေအကုန် သေသွားမှာမျိုး သူလုံးဝ ခွင့်မပြုနိုင်ဘူး ဆိုတာကိုလည်း ကိုယ့်ကိုယ်ကိုယ် သိနေခဲ့ကြောင်း လေယာဉ်မှူးက ရှင်းပြပါတယ်။
မိုဒီကတော့ မစ်ချာဟာရဲ့ သတ္တိပြောင်မြောက်မှုကို ချီးကျူးခဲ့ပြီး ဝါရင့်လေယာဉ်မှူးရဲ့ ရဲရင့်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ ဖြတ်ထိုးဉာဏ်ကောင်းမှုတွေကြောင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တာလို့ ဆိုပါတယ်။ ကိုယ်တိုင်က သေရေးရှင်ရေး ကြုံနေချိန်မှာတောင် အများအတွက် ကြိုးစား ရုန်းကန်ပေးခဲ့တဲ့ မစ်ချာဟာကို ကျေးဇူးတင်တယ်လို့လည်း မိုဒီက ပြောပါတယ်။
အခုတော့ ဆော်ဒီအစိုးရဟာ မစ်ချာဟာကို ယူအေအီးနိုင်ငံဆီ ပြန်လည် လွှဲပြောင်းပေးထားပြီး အဘူဒါဘီက ဆေးရုံတစ်ခုမှာ ကုသမှု ခံယူနေပါတယ်။ လေယာဉ်မှူးဟာ သွေးအများအပြား ဆုံးရှုံးခဲ့ပြီး ဒဏ်ရာ အရမ်းပြင်းခဲ့တယ်လို့ လေယာဉ်ပေါ်မှာ သူ့ကို အစွမ်းကုန် ကူညီ ကုသပေးခဲ့တဲ့ သွားဆရာဝန် ရှိုတာ မူဆေ့ဗ်က ပြောပါတယ်။ သတင်းတွေအရ မစ်ချာဟာရဲ့ ဝမ်းဗိုက်၊ ရင်ဘတ်နဲ့ တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ ဓားဒဏ်ရာတွေ ရထားခဲ့ကြောင်း သိရပါတယ်။
ကလေးနှစ်ဦးရဲ့ ဖခင်ဖြစ်တဲ့ မစ်ချာဟာက မိုဒီကို ဖြစ်ရပ်ဆိုးကြီးအကြောင်း ပြောပြချိန်မှာ တုန်ယင်စိတ်လှုပ်ရှား နေဟန်ရှိပြီး ဖုန်းပြောရင်း ငိုမိတဲ့အတွက်လည်း တောင်းပန်စကား ဆိုခဲ့ပါတယ်။
လေယာဉ်မှူး ဘဝဟာ သူ့ရဲ့ ငယ်ဘဝ အိပ်မက် မဟုတ်ဘူးလို့ ဝန်ခံခဲ့ဖူးတဲ့ မစ်ချာဟာက မိုဒီနဲ့ စကားပြောနေတဲ့ အချိန်မှာတော့ ဒီအတွက် ဂုဏ်ယူလာမိပြီလို့ ဖွင့်ဟခဲ့ပါတယ်။ အခုအချိန်မှာ ဝန်ကြီးချုပ်ကိုယ်တိုင် သူ့ကို ဖုန်းခေါ်တဲ့အတွက် သူ့ကိုယ်သူ ဂုဏ်ယူမိကြောင်း၊ အရင်က ဒီအလုပ်အပေါ် ဂုဏ်ယူစရာရယ်လို့ သေချာ မတွေးမိပေမယ့် အခုတော့ ဒီလို အတွေးဝင်လာမိကြောင်း မစ်ချာဟာက ပြောကြားသွားပါတယ်။
ကိုးကား: CNN



















































