လက်ဘနွန်နိုင်ငံ ပိုင်နက်ထဲမှာ လုပ်ဆောင်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း ဟစ်ဇ်ဘိုလာ ထိပ်တန်း စစ်ဦးစီး တစ်ယောက်ကို အောင်အောင်မြင်မြင် သုတ်သင်နိုင်ခဲ့ကြောင်း အစ္စရေး စစ်တပ်က ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက အစ္စရေး ထိန်းချုပ်ထားရာ ဂိုလန်ကုန်းပြင်မြင့် ဒေသက ကျေးရွာတစ်ခုရဲ့ ဘောလုံးကွင်းကို ဒုံးကျည်ထိမှန်ပြီး ကလေးနဲ့ ဆယ်ကျော်သက် စုစုပေါင်း တစ်ဒါဇင် သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အကြောင်းပြုပြီး အခုစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့တာလို့ အစ္စရေးက ပြောပါတယ်။ အစ္စရေးက ဂိုလန်မှာ ဖြစ်ပွားခဲ့တဲ့ ဒုံးကျည် တိုက်ခိုက်မှုဟာ ဟစ်ဇ်ဘိုလာတွေရဲ့ လက်ချက်လို့ စွပ်စွဲခဲ့ပြီး လက်ဘနွန် အခြေစိုက် ပြောက်ကျားအဖွဲ့ကတော့ အသည်းအသန် ငြင်းဆိုထားပါတယ်။
ဇူလိုင် ၃၀ ရက်နေ့ ညပိုင်းက ဘေရွတ်မြို့တော် တောင်ပိုင်းက ဟစ်ဇ်ဘိုလာတွေ အဓိက အခြေစိုက်ရာ ဒါဟီယာ ဆင်ခြေဖုံးရပ်ကွက်မှာ ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့တယ်လို့ လက်ဘနွန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Public Service Announcement
အစ္စရေး စစ်တပ်က တိုက်လေယာဉ်တွေဟာ တိကျတဲ့ ထောက်လှမ်းရေး သတင်းအရ ဖျူရက်ဒ်ရှူခါ ရှိနေမယ့် နေရာကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ချေမှုန်းခဲ့တယ်လို့ ထုတ်ပြန်သွားပါတယ်။ သူဟာ ဂိုလန်က ဒုံးကျည်တိုက်ခိုက်မှုကို အဓိက စေခိုင်း အမိန့်ပေးခဲ့သူလို့လည်း အစ္စရေးက ပြောပါတယ်။
အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟစ်ဇ်ဘိုလာတွေနဲ့ စစ်ရေးတင်းမာမှုတွေ မြင့်တက်လာခြင်းကြောင့် အစ္စရေးဟာ အရှေ့အလယ်ပိုင်း ဒေသမှာ နောက်ထပ် စစ်ပွဲတစ်ခုကို မီးမွှေးသလို ဖြစ်လာနိုင်ကြောင်း စိုးရိမ်တကြီး ထောက်ပြမှုတွေ ရှိနေပေမယ့် အစ္စရေးကတော့ စစ်ဖြစ်တဲ့ထိ အနေအထားမျိုးကို မလိုလားကြောင်း ပြောဆိုထားပါတယ်။
ဂါဇာစစ်ပွဲတလျှောက် အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ကြား အပြန်အလှန် နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေ ရှိနေခဲ့ပေမယ့်လည်း ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲကြီး အဆင့်ထိ ရောက်မသွားအောင် နှစ်ဖက်စလုံးက ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဂိုလန်မှာ ဒုံးကျည်ကျရောက် ပေါက်ကွဲခဲ့တဲ့ ဖြစ်ရပ်အပြီးမှာတော့ အခြေအနေတွေက ရုတ်တရက် ဆူပွက်လာခဲ့တာ ဖြစ်ပါတယ်။
လက်ဘနွန် ဝန်ကြီးချုပ် နာဂျစ်ဘ် မီကက်တီကတော့ နိုင်ငံပိုင်နက်ထဲထိ ထိပါးတိုက်ခိုက်ခဲ့တဲ့ အစ္စရေးရဲ့ လုပ်ရပ်ဟာ ပြောင်ပြောင်တင်းတင်း ရန်စတဲ့ ရာဇဝတ်မှုမျိုးလို့ စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။ အစ္စရေးဟာ လက်ဘနွန်မှာ ရန်လိုတဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်ပြီး အရပ်သားတွေကိုပါ ထိခိုက်သေဆုံးစေခဲ့ကြောင်း၊ ဒါဟာ နိုင်ငံတကာ စံနှုန်း ဥပဒေတွေကို ချိုးဖောက်တာဖြစ်ကြောင်း သူက ဆိုပါတယ်။
တစ်ဖက်မှာတော့ အစ္စရေး ကာကွယ်ရေး ဝန်ကြီး ယိုအက်ဗ် ဂဲလန့်က ဟစ်ဇ်ဘိုလာတွေဟာ သည်းခံနိုင်တဲ့ အတိုင်းအတာထက် စည်းကျော်ခဲ့တာ ဖြစ်တယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
လက်ဘနွန် အာဏာပိုင်တွေကတော့ အစ္စရေး အတပ်ပြောနေသလို ရှူခါ သေဆုံးသွားသလား ဆိုတာကို အတည်မပြုသေးပါဘူး။ ဆူခါဟာ ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဟက်ဆန် နက်စ်ရာလားရဲ့ အနီးကပ် အယုံကြည်ရဆုံး လက်ရုံးတစ်ဦးလို့လည်း ယုံကြည်ရကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ကိုးကား: BBC


















































