Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်ဘနွန်မှာ အစ္စရေး တိုက်ခိုက်မှုတွေ မရပ်လို့ ဟောမုဇ်ရေလက်ကြားကို ပြန်ပိတ်မယ်လို့ အီရန်ကြေညာ

လက်ဘနွန်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း အီရန်စစ်တပ်က ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - AP

လက်ဘနွန်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း အီရန်စစ်တပ်က ကြေညာခဲ့ပါတယ်။

အမေရိကန်နဲ့ ရယူထားတဲ့ စစ်ပြေငြိမ်းရေး ကနဦး သဘောတူညီမှုတွေအရ အီရန်ဟာ နိုင်ငံတောင်ပိုင်းမှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ စွမ်းအင် တင်ပို့ရေး အချက်အခြာ ရေလမ်းကြောင်းဖြစ်တဲ့ ဟောမုဇ်ကို ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန် မဟာမိတ်ဖြစ်တဲ့ အစ္စရေးဟာ လက်ဘနွန် အခြေစိုက် အီရန် မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကို ဆက်လက် တိုက်ခိုက်နေတာဟာ အမေရိကန်-အီရန် သဘောတူညီမှုကို ချိုးဖောက်ရာ ရောက်တယ်လို့ အီရန်က စွပ်စွဲပြီး ဟောမုဇ်ကို ပြန်ပိတ်လိုက်တာ ဖြစ်ပါတယ်။

ဟောမုဇ်ဟာ နိုင်ငံတကာကို ရေကြောင်းကနေ ရေနံတင်ပို့မှု စုစုပေါင်းရဲ့ ငါးပုံတစ်ပုံလောက် ပုံမှန် ဖြတ်သန်းနေတဲ့ ရေပြင်ပါ။

အမေရိကန်နဲ့ ရယူထားတဲ့ သဘောတူညီမှုတွေထဲမှာ လက်ဘနွန် အပါအဝင် အရှေ့အလယ်ပိုင်း ဒေသ တစ်ခုလုံးမှာ တိုက်ခိုက်မှုတွေ ရပ်စဲရမယ်လို့ ထည့်သွင်း သတ်မှတ်ထားကြောင်း၊ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဟာ သဘောတူညီမှုကို တိုက်ရိုက် ချိုးဖောက်တဲ့ အဓိပ္ပါယ် ဖြစ်တာကြောင့် အီရန်ဖက်ကလည်း လိုအပ်သလို တုံ့ပြန်ခဲ့တာဖြစ်ကြောင်း အီရန်က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အီရန်စစ်တပ်ရဲ့ ကြေညာချက် ထွက်ပေါ်လာ အပြီးမှာတော့ အမေရိကန်ရဲ့ စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM)ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တင်မ်ဟော့ကင်းစ်က ရေလက်ကြားမှာ သင်္ဘော အသွားအလာတွေ ပုံမှန်အတိုင်း ဆက်ရှိနေဆဲလို့ မီဒီယာတွေဆီကို မှတ်ချက် ပေးခဲ့ပါတယ်။

အမေရိကန် စစ်သင်္ဘောတွေဟာ အခြေအနေတွေ ပုံမှန်ဖြစ်နေတာ သေချာအောင် စောင့်ကြည့်နေကြောင်း၊ အီရန်က ရေလက်ကြားကို ထိန်းချုပ်လိုက်တာမျိုး မရှိကြောင်း ဟော့ကင်းစ်က ပြောပါတယ်။

အမေရိကန် အစိုးရဟာ ဇွန်လ ၁၉ ရက်နေ့ကစပြီး လက်ဘနွန်မှာ အစ္စရေးတပ်တွေနဲ့ ဟစ်ဇ်ဘိုလာတို့ကြား အပစ်အခတ် ရပ်စဲပြီလို့ ကြေညာခဲ့ပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေခဲ့တာပါ။

ဇွန်လ ၂၀ ရက်နေ့မှာတော့ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်ဟာ အမေရိကန်-အီရန် တိုက်ရိုက် ဆွေးနွေးမှု အစီအစဉ်တွေမှာ ပါဝင်ဖို့ ဆွစ်ဇာလန် နိုင်ငံဆီ ထွက်ခွာသွားခဲ့ပါတယ်။ အစောပိုင်းမှာ အိမ်ဖြူတော်က ဗန့်စ်ရဲ့ အဲဒီ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပေမယ့် အခုလို အစီအစဉ် ထပ်ပြောင်းသွားပြန်တာ ဖြစ်ပါတယ်။

အမေရိကန်ကနေ မထွက်ခွာခင်မှာ ဗန့်စ်က သူ့အနေနဲ့ အီရန် နျူကလီးယား အရေး၊ လက်ဘနွန်က အပစ်အခတ် ရပ်စဲရေး ကိစ္စတွေမှာ တိုးတက်မှု ရလဒ်တွေ ယူဆောင်လာချင်ကြောင်း သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။

အစ္စရေးက လက်ဘနွန် တောင်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေတာ၊ ဟစ်ဇ်ဘိုလာတွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါ အခြေအနေတွေက တိုးတက်လာနေကြောင်း၊ တိုးတက်နှုန်း နှေးကွေးနေတာသာဖြစ်ကြောင်း ဗန့်စ်က တုံ့ပြန်သွားပါတယ်။

အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အီစမေးလ် ဘက်ဟိုင်းကတော့ ဆွစ်ဇာလန်က ဆွေးနွေးပွဲမှာ အီရန်ဟာ အမေရိကန် အနေနဲ့ ကတိပြုထားတဲ့ သဘောတူညီချက်တွေကို အတိအကျ လိုက်နာအောင် တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

လက်ဘနွန် တောင်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ အပစ်ရပ် သဘောတူညီမှုတွေကို ချိုးဖောက်ကြောင်း အပြန်အလှန် စွပ်စွဲ ဝေဖန်ထားကြပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးစစ်တပ်နဲ့ လက်ဘနွန်နိုင်ငံ အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်တွေကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိသွားပြီလို့ အမေရိကန်က ကြေညာခဲ့ပေမယ့် တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။