ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့ကို လက်နက်ဖြုတ်ယူ သိမ်းဆည်းပြီးတာ သေချာမှ လက်ဘနွန် တောင်ပိုင်းကို ရောက်နေတဲ့ တပ်တွေ ပြန်ရုပ်သိမ်းမယ်လို့ အစ္စရေးက ပြောကြားခဲ့ပါတယ်။
အီရန်စစ်ပွဲ အစပိုင်းမှာ အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာတွေက အစ္စရေးမြောက်ပိုင်း ဒေသတွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တဲ့နောက် အစ္စရေးဟာ လက်ဘနွန် တောင်ပိုင်းက ဟစ်ဇ်ဘိုလာ စစ်ရေး အခြေစိုက် စခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ အမေရိကန်ရဲ့ ကြားဝင် စေ့စပ်ပေးမှုအရ အပစ်ရပ် သဘောတူညီမှု ရရှိခဲ့ပေမယ့် အစ္စရေးကတော့ ဟစ်ဇ်ဘိုလာတွေ လက်နက် မစွန့်မချင်း လက်ဘနွန် တောင်ပိုင်းကနေ တပ်တွေ ဆုတ်ခွာပေးမှာ မဟုတ်ဘူးလို့ ဇွန်လ ၂၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာဟာ အစ္စရေးအတွက် ခြိမ်းခြောက်မှု တစ်ခု မဟုတ်တော့တာ သေချာမှ၊ အဲဒီအဖွဲ့ရဲ့ လက်နက်တွေကို ဖြုတ်သိမ်းပြီး စစ်ရေးဖွဲ့စည်းမှုတွေကို စွန့်လွှတ်ပြီးချိန်မှ လက်ဘနွန် တောင်ပိုင်းက အစ္စရေးတပ်တွေကို ရုပ်သိမ်းမယ်လို့ အစ္စရေး အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒေးဗစ် မန်ဆာက ပြောဆိုသွားပါတယ်။

Public Service Announcement
ဒီစကားဟာ နိုင်ငံပိုင်နက်ထဲကနေ အစ္စရေးတပ်တွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုနေတဲ့ လက်ဘနွန် အစိုးရ အတွက်တော့ စိတ်ပျက်စရာ ဖြစ်လာပါတယ်။ အစ္စရေးကတော့ လက်ဘနွန် ပိုင်နက်ထဲက စစ်ဆင်ရေးတွေဟာ လက်ဘနွန်ကို တိုက်ခိုက်နေတာ မဟုတ်ဘဲ ဟစ်ဇ်ဘိုလာတွေကိုသာ ပစ်မှတ်ထားနေတာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။
အစ္စရေး အနေနဲ့ နိုင်ငံပိုင်နက် နယ်နိမိတ်နားမှာ အကြမ်းဖက် အဖွဲ့အစည်းတွေ ခိုလှုံနေတာကို လုံးဝ လက်မခံနိုင်ဘူးဆိုတဲ့ သဘောထားကို အရမ်း ရှင်းရှင်းလင်းလင်း အသိပေးထားပြီး ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တုန်းကလည်း အခုလို ကြားဝင်ညှိနှိုင်းပေးမှုတွေအတွင်း ဟစ်ဇ်ဘိုလာတွေက လက်နက် ဖျက်သိမ်းမလိုလို ကတိပေးခဲ့ပေမယ့် လက်တွေ့ မလုပ်ခဲ့ကြောင်း၊ ဒီတစ်ကြိမ်မှာတော့ အစ္စရေးကလည်း တောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ အလျှော့မပေးဖို့ ဆုံးဖြတ်ထားကြောင်း မန်ဆာက ဆိုပါတယ်။
အစ္စရေးရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန် အစိုးရကတော့ အစ္စရေး တပ်တွေဟာ လက်ဘနွန် တောင်ပိုင်းမှာ လုံခြုံရေး ကြားခံနယ်မြေအဖြစ် သတ်မှတ်ထားတဲ့ ဧရိယာတချို့ကနေ ပြန်လည် ဆုတ်ခွာပေးခဲ့ကြောင်း ပြောပါတယ်။ ဒါဟာ အစ္စရေးဖက်က လက်ဘနွန်ရဲ့ တရားဝင် အစိုးရအပေါ် ပြသတဲ့ ခိုင်မာတဲ့ ယုံကြည်မှုလို့လည်း ယူဆနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ကလည်း အစ္စရေးအနေနဲ့ လက်ဘနွန် တောင်ပိုင်းမှာ ဖြန့်ကျက်ထားတဲ့ တပ်တွေကို ရုပ်သိမ်းဖို့ သတိပေးထားပါတယ်။ တကယ်လို့ ခေါင်းမာပြီး ဆက်ရှိနေမယ် ဆိုရင်တော့ အစ္စရေး တပ်တွေဟာ အရှုံးကြီးရှုံးပြီး အသည်းအသန် ထွက်ပြေးရမယ့် အခြေအနေကို ကြိုပြင်ထားဖို့လိုကြောင်း IRGCရဲ့ အထူးယူနစ်ဖြစ်တဲ့ Qudsတပ်ဖွဲ့ အကြီးအကဲ အက်စ်မေးလ် ကွာနီက ခြိမ်းခြောက် ပြောကြားသွားပါတယ်။
ကိုးကား: Middle East Eye


















































