Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မကြုံစဖူး ငလျင်အန္တရာယ် သတိပေးချက်ကြောင့် ဂျပန်မှာ ခရီးစဉ် အများအပြား ဖျက်သိမ်းမှုတွေ ရှိလာ

မကြုံဖူးတဲ့ အခြေအနေ တစ်ခုအဖြစ် ဂျပန် အာဏာပိုင်တွေက ပြည်သူတွေကို ဧရာမ ငလျင်ကြီးတစ်ခု ဖြစ်လာနိုင်ခြေအတွက် သတိထားကြဖို့ သတိပေး နှိုးဆော်ခဲ့တဲ့နောက် ပြည်တွင်း ခရီးသွား ကဏ္ဍအပေါ် အကြီးအကျယ် ထိခိုက်မှုတွေ ရှိလာပါတယ်။

ဓာတ်ပုံ -JIJI

မကြုံဖူးတဲ့ အခြေအနေ တစ်ခုအဖြစ် ဂျပန် အာဏာပိုင်တွေက ပြည်သူတွေကို ဧရာမ ငလျင်ကြီးတစ်ခု ဖြစ်လာနိုင်ခြေအတွက် သတိထားကြဖို့ သတိပေး နှိုးဆော်ခဲ့တဲ့နောက် ပြည်တွင်း ခရီးသွား ကဏ္ဍအပေါ် အကြီးအကျယ် ထိခိုက်မှုတွေ ရှိလာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဂျပန်တောင်ပိုင်းမှာ ရစ်ချ်တာစကေး ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး အသေးစား ဆူနာမီ ရေလှိုင်းတချို့ပါ ကမ်းရိုးတန်းတွေကို ရိုက်ခတ်ခဲ့ပါတယ်။ ငလျင်ကြောင့် လူ ၁၅ ဦးလောက် ဒဏ်ရာရခဲ့ပါတယ်။

အဲဒီငလျင်အပြီး နာရီပိုင်းလောက် အကြာမှာတော့ ဂျပန် အာဏာပိုင်တွေက ပြည်သူတွေဟာ ဧရာမ ငလျင်ကြီးတစ်ခု ကြုံလာနိုင်တဲ့ အခြေအနေအတွက် ကြိုတင်တွေးတော ပြင်ဆင်ထားဖို့ နှိုးဆော်ခဲ့ပါတယ်။ ဒါဟာ ဖြစ်နိုင်ခြေကို ကြိုတင် တွက်ဆပြီး သတိပေးထားတာဖြစ်ကြောင်း၊ သေချာပေါက် အပြင်းစား ငလျင်ကြီး လှုပ်ခတ်လာမယ်လို့ ဆိုလိုတာ မဟုတ်ကြောင်းလည်း တာဝန်ရှိသူတွေက ခြေခြေမြစ်မြစ် ရှင်းပြထားပါတယ်။ ဂျပန်မှာတော့ ဖြစ်လာနိုင်ခြေရှိတဲ့ ငလျင်တစ်ခုအတွက် ကြိုတင် သတိပေးတယ် ဆိုတာက အခုတစ်ကြိမ် ပထမဆုံးပါပဲ။

Public Service Announcement

Public Service Announcement

ပညာရှင်တွေက ဂျပန်နိုင်ငံနဲ့ ထိစပ်နေတဲ့ ပင်လယ်ရေအောက် ငလျင်ပြတ်ရွေ့ကြောင်းကြီး တစ်ခုရဲ့ လှုပ်ရှားမှု စည်းချက် (pattern)ကို လေ့လာပြီး အခုလို သတိပေးခဲ့တာပါ။ ပျမ်းမျှအားဖြင့် အဲဒီ နန်ကိုင် ပြတ်ရွေ့ကြောင်းနဲ့ ဆက်စပ်တဲ့ ငလျင်တွေဟာ နှစ်ပေါင်း ရာနဲ့ချီ အချိန်ခြားပြီး ဖြစ်ပေါ်တတ်ကြောင်း၊ ဒါပေမဲ့ လဆန်းပိုင်းက ငလျင်ကြီးရဲ့ သက်ရောက်မှုကြောင့် နောက်ဆက်တွဲ ဧရာမ ငလျင်တစ်ခု ထပ်လှုပ်နိုင်ခြေဟာ အရင်ကထက် သိသိသာသာ မြင့်တက်လာကြောင်း သိရပါတယ်။

ပညာရှင်တွေက ပြည်သူတွေ အနေနဲ့ အဲဒီလို ငလျင်ကြီးနဲ့ ကြုံလာရင် သွေးအေးအေးနဲ့ စီမံတုံ့ပြန်နိုင်အောင် ပြင်ဆင်ထားဖို့သာ အဓိက တိုက်တွန်းခဲ့ပြီး ငလျင်ကြီးဟာ ချက်ချင်း လှုပ်ခတ်လာလိမ့်မယ်လို့ မဆိုလိုကြောင်း ပြောပါတယ်။ ဒါပေမဲ့ လာမယ့် နှစ် ၃၀ အတွင်း ဂျပန်တောင်ပိုင်းမှာ ရစ်ချ်တာစကေး ၉ နဲ့အထက် ငလျင်ကြီးတစ်ခု လှုပ်ခတ်ဖို့ ဖြစ်နိုင်ခြေဟာ ၈၀ ရာခိုင်နှုန်းလောက် သေချာနေပြီလို့လည်း ဆိုပါတယ်။

အခုကြေညာချက် အပြီးမှာတော့ ငလျင် လှုပ်ခတ်ရင် ထိခိုက်သက်ရောက်မှု အပြင်းထန်ဆုံး ခံစားရနိုင်ခြေ ရှိနေတဲ့ ဒေသတွေကို ခရီးသွားမယ့် အစီအစဉ်ကို ပြည်သူ အမြောက်အမြားက အရေးတကြီး ဖျက်သိမ်းကုန်ပါတယ်။ ဥပမာ ဂျပန် အနောက်ခြမ်းက ကိုချီဒေသဟာ ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ခံစားရနိုင်ခြေ ရှိတဲ့ နေရာတစ်ခုလို့ သတ်မှတ်ထားပြီး အနည်းဆုံး လူ ၁၀၀၀၀ လောက်ဟာ ကိုချီကို သွားရောက်မယ့် လေယာဉ်လက်မှတ် ဝယ်ယူမှုတွေကို ပယ်ဖျက်လိုက်ပါတယ်။

ဩဂုတ် ၉ ရက်ကနေ ၁၈ ရက်အတွင်း လေယာဉ်လက်မှတ် ဝယ်ယူမှုတွေ ဖျက်သိမ်းမှုဟာ လေကြောင်းလိုင်းတွေအတွက် ယန်းငွေ သန်း ၁၄၀ လောက် နစ်နာ ဆုံးရှုံးစေခဲ့တယ်လို့လည်း သိရပါတယ်။ လေယာဉ်လက်မှတ် ဝယ်ယူမှုတွေသာ မကဘဲ ဟိုတယ်တွေ၊ တည်းခိုခန်းတွေနဲ့ အပန်းဖြေ ဇုန်တွေမှာလည်း ကြိုတင် စာရင်းသွင်း မှာယူမှုတွေ ဖျက်သိမ်းကုန်တဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။

သတိပေး ကြေညာချက် ထွက်ပေါ်လာတာဟာ ဂျပန်ရဲ့ နှစ်စဉ် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အားအကောင်းဆုံး အိုဘွန် ရုံးပိတ်ရက် ကာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။ အဲဒီအချိန်ကျရင် ဂျပန်နိုင်ငံသား အများအပြားဟာ နေရပ်ကိုပြန်ပြီး မိဘဘိုးဘွားတွေကို ကန်တော့လေ့ ရှိပါတယ်။ ပုံမှန်ဆိုရင် အိုဘွန် ရုံးပိတ်ရက် ကာလမှာ မြို့အသီးသီးက ဟိုတယ်တွေ၊ တည်းခိုခန်းတွေ ပြည့်နေတတ်ပေမယ့် အခုနှစ် အခြေအနေကတော့ ခြားနားမှုတွေ မြင်လာရတဲ့ သဘောပါပဲ။

လတ်တလောမှာတော့ ဂျပန်ရဲ့ ငလျင်တိုင်းတာရေး ပညာရှင်တွေက မြေလွှာလှုပ်ရှားမှု အခြေအနေတွေကို လေးလေးနက်နက် အချိန်ပြည့် စောင့်ကြည့်နေပြီး လက်ရှိ ထုတ်ပြန်ထားတဲ့ ငလျင်သတိပေးချက်ကို အစောဆုံးအဖြစ် ဩဂုတ် ၁၅ ရက်နေ့လောက်မှာ ရုပ်သိမ်းပေးနိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်အားပြင်းထန်လှတဲ့ ငလျင်ကြီးနှစ်ခု အတွဲလိုက် လှုပ်ခတ်သွားတဲ့နောက် ဗင်နီဇွဲလား နိုင်ငံမှာ ထိခိုက်ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။

နိုင်ငံတကာ

လေယာဉ်တင် သင်္ဘောရဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေကို ဂျပန်ရေတပ်က ရန်စတဲ့ သဘောဆန်ဆန် အနှောင့်အယှက် ပေးခဲ့ကြောင်း တရုတ် ရေတပ်က စွပ်စွဲခဲ့ပါတယ်။

ကျန်းမာရေးဆောင်းပါး

Down Syndrome(ဒေါင်းရောဂါ)ဟာ လူတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ ခရိုမိုဆိုမ် ၂၁ (Chromosome 21) တစ်စုံအစား သုံးစုံရှိနေတဲ့ အခြေအနေကြောင့် ဖြစ်ပွားတာဖြစ်ပြီး မွေးဖွားလာတဲ့ကလေး ၇၀၀ လောက်မှာတစ်ယောက်ခန့် တွေ့ရတဲ့အဖြစ်အများဆုံး ခရိုမိုဆိုမ်ဆိုင်ရာ ချို့ယွင်းမှုတစ်ခု ဖြစ်ပါတယ်။

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။