မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ဟာ သူ့ရဲ့ အကြံပေး အရာရှိအဖြစ် ခန့်အပ်ထားသူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး အပါအဝင် ကဏ္ဍတချို့ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အန်ဝါဟာ သူဦးဆောင်နေတဲ့ မလေးရှား အစိုးရရဲ့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ဆိုင်ရာ အထူးအကြံပေးအဖြစ် ခန့်အပ်ထားခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အခုသီတင်းပတ်ထဲမှာ ဇိမ်ခံ ရွက်လှေကြီး တစ်စီးပေါ် အတူတွေ့ဆုံရင်း ကျယ်ပြန့်တဲ့ အကြောင်းကိစ္စတွေကို ဆွေးနွေးခဲ့ကြကြောင်း သက်ဆင်က ဒီဇင်ဘာ ၂၇ ရက်နေ့တုန်းက ထိုင်းသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ ၂၆ ရက်နေ့တုန်းက သူဟာ ထိုင်းစိုက်ပျိုးရေး ဝန်ကြီးဟောင်း သာမာနတ် ပရွမ်ပိုနဲ့အတူ မနက်စာ စားပြီးတဲ့နောက် ထိုင်း-မလေးရှား ရေပိုင်နက် နယ်စပ်နားလောက်မှာရှိတဲ့ ဇိမ်ခံ ရွက်လှေ တစ်စီးပေါ်မှာ အန်ဝါနဲ့ ဆွေးနွေးဖြစ်ခဲ့ကြောင်း သက်ဆင်က ဆိုပါတယ်။
သူတို့ ဆွေးနွေးကြတဲ့ အကြောင်းအရာတွေထဲမှာတော့ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းကိစ္စ၊ ထိုင်းတောင်ပိုင်း နယ်မြေတွေ ငြိမ်းချမ်းရေး၊ ထိုင်း-မလေးရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ အာဆီယံနဲ့ နိုင်ငံတကာ အရေးကိစ္စတွေ စုံလင်များပြားစွာ ပါဝင်ခဲ့တယ်လို့လည်း သက်ဆင်က ပြောကြားခဲ့ပါသေးတယ်။
သူက လူဦးရေ သန်း ၇၀၀ လောက် မှီတင်းနေထိုင်ရာ အာဆီယံဟာ ပြဿနာတွေကို ဖြေရှင်းရာမှာ တစ်သားတည်း ပိုစုစည်းနိုင်တဲ့ အင်အားမျိုးနဲ့ ရပ်တည်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။
အန်ဝါကလည်း သူဟာ ခင်မင်ရတဲ့ မိတ်ဆွေကြီး သက်ဆင်နဲ့အတူ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ့အရေး အပါအဝင် ဒေသတွင်း အရေးကိစ္စတွေ၊ နိုင်ငံတကာ အရေးတွေကို ဆွေးနွေးခွင့် ရခဲ့တဲ့အပေါ် အထူးဝမ်းသာ ကျေနပ်မိတယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
အန်ဝါဟာ လာမယ့်နှစ်မှာ မလေးရှားက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ နေရာကို လက်ခံယူမယ့် အချိန်မတိုင်ခင် သက်ဆင် အပါအဝင် နိုင်ငံရေး အကြံပေး အစုအဖွဲ့ တစ်ခုကို အလွတ်သဘော ဖိတ်ခေါ် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
အန်ဝါဟာ ဒီဇင်ဘာ ၁၆ ရက်နေ့တုန်းက ထိုင်းရဲ့ လက်ရှိ ဝန်ကြီးချုပ်လည်းဖြစ်၊ သက်ဆင်ရဲ့ သမီးလည်းဖြစ်တဲ့ ဖေထောင်ထန် ရှီနာဝပ်ထရာနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးတဲ့နောက် အဲဒီ အကြံပေးအဖွဲ့ ကိစ္စကို အတည်ပြု ကြေညာခဲ့တာပါ။ သက်ဆင်ဟာ ထိုင်းဝန်ကြီးချုပ်အဖြစ် ၂၀၀၁ ကနေ ၂၀၀၆ ခုနှစ်ထိ တာဝန်ယူခဲ့ဖူးပါတယ်။
ကိုးကား: Bangkok Post