Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ဟာဆီနာရဲ့ မိသားစု နေအိမ်ကို ဆန္ဒပြသူတွေ မီးတင်ရှို့

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဆန္ဒပြသူတွေက ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာရဲ့ မိသားစု နေအိမ်ကို ဖျက်ဆီးပြီး မီးတင်ရှို့ခဲ့ကြောင်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဆန္ဒပြသူတွေက ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာရဲ့ မိသားစု နေအိမ်ကို ဖျက်ဆီးပြီး မီးတင်ရှို့ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ဟာဆီနာ ကိုယ်စားပြုရာ နိုင်ငံရေး ပါတီရဲ့ တခြားအဖွဲ့ဝင်တချို့ နေအိမ်တွေလည်း အလားတူ တိုက်ခိုက်မှုတွေ ကြုံခဲ့ရကြောင်း ပြည်တွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

လူထုအုံကြွမှုကြောင့် နိုင်ငံကနေ ထွက်ပြေးပြီး အိန္ဒိယမှာ ခိုလှုံနေရတဲ့ ဟာဆီနာက ဘင်္ဂလားဒေ့ရှ် ပြည်သူတွေဆီ လိပ်မူပြီး လူမှုကွန်ရက်ကနေ မိန့်ခွန်းပြောမယ်ဆိုတဲ့ သတင်းအပြီး အခုလို ဆူပူမှုတွေ ပေါ်ပေါက်လာတာပါ။

အသက် ၇၇ နှစ်အရွယ် ဟာဆီနာဟာ ဘင်္ဂလားဒေ့ရှ်ကို နှစ်ပေါင်း ၂၀ လောက် ဦးဆောင်ခဲ့ပြီး အစောပိုင်းမှာ ဒီမိုကရေစီ ချန်ပီယံ တစ်ယောက်အဖြစ် ရပ်တည်ခဲ့ရာက နောက်တော့ အတိုက်အခံတွေကို အင်အားသုံး ဖြိုခွင်းမှုတွေနဲ့အတူ အာဏာရှင်ဆန်သူ တစ်ဦးအဖြစ် ရှုတ်ချ ခံလာရပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာတော့ တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို အကြောင်းပြုပြီး ဟာဆီနာရဲ့ အုပ်စိုးမှု အဆုံးသတ်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၅ ရက်နေ့မှာတော့ ဟာဆီနာကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေဟာ သူ့ဖခင် ရှိတ်ခ်မူဂျီဘာ ရာမန် ပိုင်ဆိုင်ခဲ့တဲ့ မိသားစု နေအိမ်ကို မြေတူးစက်နဲ့ ဖြိုချပြီး မီးပါ တင်ရှို့ခဲ့ကြပါတယ်။ မူဂျီဘာ ရာမန်ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ လွတ်လပ်ရေးဖခင်၊ နိုင်ငံထူထောင်သူအဖြစ် လေးစားခြင်း ခံခဲ့ရဖူးသလို သူ့ရဲ့ နေအိမ်ကိုလည်း ပြတိုက်အဖြစ် ပြောင်းလဲ ထားရှိပါတယ်။ အခုတော့ ဟာဆီနာကို ပစ်မှတ်ထားတဲ့ ဆန္ဒပြသူတွေက အဲဒီအိမ်ကို ဖျက်ဆီးပစ်ခဲ့တာပါ။

Facebookကနေ livestream ထုတ်လွှင့်တဲ့ ဗီဒီယို တစ်ခုမှာတော့ ဟာဆီနာက အဲဒီဖြစ်စဉ်ကို ရှုတ်ချခဲ့ပြီး တရားမျှတမှုကို ရှာဖွေပေးဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။ အဆောက်အအုံ တစ်ခုကို ဖျက်ဆီးပစ်လို့ ရပေမယ့် သမိုင်းကိုတော့ ဖြိုဖျက်နိုင်မှာ မဟုတ်ဘူးလို့လည်း ဟာဆီနာက ဆိုပါတယ်။

အဲဒီနေ့မှာပဲ ဟာဆီနာရဲ့ အေဝါမီအဖွဲ့ချုပ် ပါတီ ခေါင်းဆောင်ပိုင်း တချို့ရဲ့ နေအိမ်တွေဟာ ဆန္ဒပြသူတွေရဲ့ ဖျက်ဆီးမှု၊ မီးတင်ရှို့မှုတွေကို ခံခဲ့ရပါသေးတယ်။

လောလောဆယ်မှာတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မူဟာမက် ယူနွတ်စ် ဦးဆောင်တဲ့ ယာယီ အစိုးရက တာဝန်ယူ အုပ်ချုပ်နေပေမယ့်လည်း ဟာဆီနာကို ဆန့်ကျင်တဲ့ အင်အားစုတွေရဲ့ ရံဖန်ရံခါ ထွက်ပေါ်လာတဲ့ အုံကြွမှုတွေကို ကိုင်တွယ်ဖို့ အခက်ကြုံနေပါတယ်။

ယူနွတ်စ်ရဲ့ အစိုးရဟာ အိန္ဒိယမှာ တိမ်းရှောင်နေတဲ့ ဟာဆီနာကို ပြန်လည်ခေါ်ဆောင်ပြီး တရားစွဲဆိုနိုင်ရေး ကြိုးပမ်းနေသလို တစ်ဖက်မှာလည်း စီးပွားရေး အကျပ်အတည်းတွေနဲ့ ရုန်းကန်နေရပါတယ်။ အဲဒီ အခြေအနေနဲ့ ပတ်သက်ပြီး ဟာဆီနာဟာ သူတာဝန်ယူ အုပ်ချုပ်တဲ့ ကာလမှာ နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု ကိန်းဂဏန်းတွေ ထုတ်ပြန်ရာမှာ လိမ်ညာထားခဲ့ပြီး ဘီလီယံနဲ့ချီ များပြားတဲ့ ဒေါ်လာတွေကို ခဝါချခဲ့တာကြောင့်လို့ ယူနွတ်စ်က စွပ်စွဲထားခဲ့ပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာ အစိုးရကို ပြုတ်ကျစေခဲ့တဲ့ လူထု အုံကြွမှုကို အဓိက ဦးဆောင်ခဲ့သူ ဘင်္ဂလားဒေ့ရှ် ကျောင်းသားတွေဟာ နိုင်ငံရေး ပါတီသစ် တစ်ခုကို ထူထောင်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ခိုလှုံခွင့် ပြုထားတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို လက်လွှဲပေးဖို့ အိန္ဒိယ အစိုးရကို ဘင်္ဂလားဒေ့ရှ်က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာဟာ လူသတ်မှုတွေအတွက် အဓိက စေခိုင်းသူအဖြစ် မျက်ကွယ်မှာ စုံစမ်းစစ်ဆေးမှုတွေ ခံနေရပြီ ဖြစ်ပါတယ်။