ကြိုတင် ခန့်မှန်းထားကြတဲ့အတိုင်း ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP)က အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက် ရွေးကောက်ပွဲရဲ့ မဲအများစုကို ရေတွက်ပြီးတဲ့ အချိန်မှာ BNPဟာ အနိုင်ရ အင်အားစု အနေနဲ့ ထွက်ပေါ်လာတယ်လို့ ပြည်တွင်း မီဒီယာတွေက ဖော်ပြကြပါတယ်။ အခုရွေးကောက်ပွဲဟာ နိုင်ငံကို အာဏာရှင်ဆန်ဆန် ကာလရှည်ကြာ ကြီးစိုးအုပ်ချုပ်ခဲ့တဲ့ ရှိတ်ခ်ဟာဆီနာရဲ့ အစိုးရ ပြိုကျပြီးနောက်ပိုင်း ပထမဆုံး ကျင်းပတဲ့ သမိုင်းဝင် ရွေးကောက်ပွဲလည်း ဖြစ်လာပါတယ်။
ဟာဆီနာရဲ့ အစိုးရဟာ ၂၀၂၄ ခုနှစ်တုန်းက ကျောင်းသားလူငယ်တွေ ဦးဆောင်တဲ့ လူထုအုံကြွမှုကြီးကြောင့် ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေ ရှိနေခဲ့တဲ့ အာရှတောင်ပိုင်း နိုင်ငံမှာ ပါတီတစ်ခုရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အောင်မြင်မှု ရလဒ်ဟာ တည်ငြိမ်အေးချမ်းမှုတွေကို ပြန်လည် ယူဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တကြီး စောင့်ကြည့်မှုတွေ ရှိနေပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်၊ ဒေသစံတော်ချိန် မနက် ၄း၀၀ နာရီအထိ မဲရေတွက်မှု ရလဒ်တွေအရ လွှတ်တော်ရဲ့ အမတ် ၃၀၀ စာနေရာမှာ BNPက ၁၈၅ နေရာစာ အနိုင်ရထားပြီး ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါဟာ အစိုးရဖွဲ့ဖို့ လုံလောက်တဲ့ အမတ်နေရာ စုစုပေါင်း ထက်ဝက်စာ အရေအတွက်ကို သက်တောင့်သက်သာ ကျော်လွန်သွားပြီးပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

Public Service Announcement
မဲတွေက ဆက်လက် ရေတွက်နေဆဲဖြစ်ပြီး BNP ခေါင်းဆောင်တွေကတော့ အမတ်နေရာ ၂၀၀၊ တစ်နည်းအားဖြင့် လွှတ်တော်ရဲ့ သုံးပုံနှစ်ပုံစာကို ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ အမတ်နေရာ သုံးပုံနှစ်ပုံအထက် ရရှိရင် သောင်ပြိုကမ်းပြို အောင်ပွဲမျိုးလို့ ရည်ညွှန်းကြပြီး ပါတီအနေနဲ့ လက်တွေ့ လုပ်ပြနိုင်မယ်လို့ မျှော်လင့်ကြောင်း BNPရဲ့ အမြဲတမ်း ကော်မတီဝင် အေမာ ခါဆရူ မာမွတ် ချောင်ဒူရီက ပြောကြားခဲ့ပါတယ်။
BNPဟာ ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက လူကြိုက်အများဆုံး ပါတီအဖြစ် ရပ်တည်နေခဲ့ပါတယ်။ BNPကိုတော့ နိုင်ငံရဲ့ သမ္မတဟောင်း ဇိုင်ရူ ရာမန်နဲ့ ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇိုင်ရာတို့ရဲ့ သားဖြစ်သူ အသက် ၆၀ အရွယ် တာရစ် ရာမန်က ဦးဆောင်နေပါတယ်။
BNPဟာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေကို ငွေကြေး ထောက်ပံ့ရေး၊ ဝန်ကြီးချုပ် သက်တမ်းကို ၁၀ ထက် မပိုအောင်ကန့်သတ်ပေးရေး၊ အဂတိ တိုက်ဖျက်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်တာ အပါအဝင် နိုင်ငံ စီးပွားရေး တိုးတက်အောင် ဦးဆောင်ပေးရေးစတဲ့ ရွေးကောက်ပွဲ ကတိတွေနဲ့ မဲဆွယ်ခဲ့ပါတယ်။
BNPရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ မွတ်ဆလင် အင်အားကြီးပါတီ ဂျမတ်အီ အစ္စလာမ်မီရဲ့ ခေါင်းဆောင် ရှဖစ်ကာ ရာမန်က သူ့ပါတီရဲ့ အရေးနိမ့်မှုကို ဝန်ခံခဲ့ပါတယ်။ သူ့ရဲ့ ပါတီဟာ အတိုက်အခံ အင်အားစု အနေနဲ့ ရပ်တည်ဖို့ ဆိုတာထက် အပြုသဘောဆောင်တဲ့ နိုင်ငံရေး မူဝါဒတွေကို ပိုမိုကျင့်သုံးသွားမယ်လို့လည်း သူက ပြောပါတယ်။
အခုနှစ် ရွေးကောက်ပွဲမှာ ဟာဆီနာရဲ့ အေဝါမီ အဖွဲ့ချုပ် (AL)ပါတီကတော့ ပါဝင်ယှဉ်ပြိုင်ခွင့် တားမြစ်ခံထားခဲ့ရပါတယ်။ လောလောဆယ် အိန္ဒိယမှာ ခိုလှုံ တိမ်းရှောင်နေတဲ့ ဟာဆီနာကတော့ ရွေးကောက်ပွဲဟာ သေချာစီစဉ်ထားတဲ့ ဟာသ လုပ်ဇာတ်ကြီး တစ်ခုလို့ စွပ်စွဲ ဝေဖန်ထားပါတယ်။
ကိုးကား: Reuters
ဓာတ်ပုံ – AP



















































