Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟာဆီနာရဲ့ မဟာမိတ်ဖြစ်သူ ဘင်္ဂလားဒေ့ရှ် သမ္မတ နုတ်ထွက်

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးဖြစ်သူ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်ဟာ ကျန်းမာရေးကိစ္စ အကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးဖြစ်သူ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်ဟာ ကျန်းမာရေးကိစ္စ အကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ကျောင်းသားလူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြမှု တစ်ခုကြောင့် ရာထူးက နုတ်ထွက်ပြီး အိန္ဒိယဆီ ထွက်ပြေး တိမ်းရှောင်သွားတဲ့ ဟာဆီနာက အခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်ကို ပြန်လာမယ်လို့ ပြောကြားခဲ့ပြီး သီတင်းပတ်တချို့ အကြာမှာ ရှာဟာဘူဒင် နုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

ပြည်တွင်းမှာတော့ ဟာဆီနာ တကယ်သာ ပြန်လာရင် နိုင်ငံရေး အရှုပ်အထွေးတွေ ပြန်လည် ခေါင်းထောင်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ ဟာဆီနာဟာ ဆန္ဒပြ ပြည်သူတွေကို အကြမ်းဖက် နှိမ်နင်းဖို့ အမိန့်ပေးခဲ့ကြောင်း စွပ်စွဲချက်ကြောင့် မျက်ကွယ်မှာ သေဒဏ်ချမှတ် ခံထားရပါတယ်။ ဒါပေမဲ့ သူကတော့ ကျိန်းသေပေါက် ဘင်္ဂလားဒေ့ရှ်ဆီ ပြန်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။

ဟာဆီနာက ဘင်္ဂလားဒေ့ရှ်ဆီ ပြန်လာမယ်လို့ ဇူလိုင်လဆန်းမှာ ကြေညာခဲ့ပြီး ကတည်းက လက်ရှိ အာဏာရ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP)ဟာ ရှာဟာဘူဒင်ကို နုတ်ထွက်ပေးဖို့ ပိုမို ဖိအားပေးလာခဲ့ကြောင်း နီးစပ်သူတွေက ပြောပါတယ်။ ဇူလိုင် ၂၄ ရက်နေ့မှာတော့ သမ္မတဟာ သူ့ရဲ့ နုတ်ထွက်စာကို လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ဟာဖစ်ဇ် ယူဒင် အာမက်ဆီ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အာမက်ဟာ ထိုင်းမှာ ဆေးကုသမှု ခံယူနေရာကနေ ပြည်တွင်းက လျင်လျင်မြန်မြန် ပြောင်းလဲလာနေတဲ့ အခြေအနေတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဆီ အမြန်ပြန်လာပြီး သမ္မတရဲ့ နုတ်ထွက်စာကို လက်ခံယူခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဖွဲ့စည်းပုံ ဥပဒေအရ သမ္မတ နုတ်ထွက်ပြီးချိန်မှာ ရက်ပေါင်း ၉၀ အတွင်း သမ္မတသစ် တစ်ဦးကို လွှတ်တော်က ရွေးကောက် တင်မြှောက်ပေးရမှာ ဖြစ်ပါတယ်။

ဟာဆီနာ အစိုးရ ပြုတ်ကျပြီးနောက်ပိုင်း သူ့ရဲ့ နိုင်ငံရေး မဟာမိတ် အများအပြားဟာ ထိပ်ပိုင်းရာထူးတွေကနေ ဖယ်ရှားခံခဲ့ရပြီး ရှာဟာဘူဒင်ကတော့ အနည်းအကျဉ်း ကြွင်းကျန်နေသူတွေထဲက တစ်ဦးလို့ ဆိုနိုင်ပါတယ်။

သူဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မူဟာမက် ယူနွတ်စ် ဦးဆောင်ခဲ့တဲ့ ကြားကာလ အစိုးရ လက်ထက်မှာရော၊ ဖေဖော်ဝါရီလ ရွေးကောက်ပွဲတုန်းက သောင်ပြိုကမ်းပြို ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ BNP ဦးဆောင်တဲ့ အစိုးရသစ် လက်ထက်မှာပါ သမ္မတအဖြစ် ဆက်လက် တာဝန်ယူခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာတော့ သမ္မတ ရာထူးဟာ နိုင်ငံရေးအာဏာ ကြီးကြီးမားမား မရှိဘဲ အဆောင်အယောင် သဘောမျိုးသာ ဖြစ်ပါတယ်။

ရှာဟာဘူဒင်က သူကိုယ်တိုင်လည်း သမ္မတအဖြစ်က နုတ်ထွက်လိုတဲ့ သဘောမျိုးကို အရင်က ပြောဆိုခဲ့ဖူးပါတယ်။ ယူနွတ်စ်ရဲ့ ကြားကာလ အစိုးရ လက်ထက်တုန်းက အစိုးရရုံးတွေ၊ သံရုံးတွေနဲ့ ဌာနဆိုင်ရာ အဆောက်အအုံတွေမှာ သူ့ရဲ့ ဓာတ်ပုံတွေကို ချက်ချင်း အဆောတလျင် ဖယ်ရှားစေခဲ့ပြီး အဲဒီလုပ်ရပ်က သူ့ကို သိက္ခာချ အရှက်ခွဲမှုအဖြစ် ခံစားမိကြောင်း ရှာဟာဘူဒင်က ဖွင့်ဟခဲ့ပါတယ်။

နောက်တော့ သူက ရွေးကောက်ပွဲ ကျင်းပချိန်အထိ သမ္မတအထိ ဆက်ရှိနေမှာ ဖြစ်ကြောင်း၊ အဲဒီနောက်ပိုင်းမှာ ရာထူး ဆက်ယူမယူ ဆိုတာကိုတော့ အစိုးရသစ်ဆီက ဆုံးဖြတ်ချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ရှာဟာဘူဒင်က ကြေညာခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာနဲ့ ပတ်သက် ဆက်နွှယ်တယ်လို့ ယုံကြည်ရတဲ့ ပိုင်ဆိုင်မှု အစုစု တန်ဖိုး ဒေါ်လာ ၆.၂ ဘီလီယံလောက်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက သိမ်းယူလိုက်ပါတယ်။

နိုင်ငံတကာ

မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ရေကြီး၊ မြေပြိုမှုတွေ ကြုံပြီး ဘင်္ဂလားဒေ့ရှ်မှာ တစ်ပတ်အတွင်း လူ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်း သောင်းနဲ့ချီပြီး ယာယီ ရွှေ့ပြောင်းခဲ့ရပါတယ်။

နိုင်ငံတကာ

ဒီနှစ်ထဲမှာ ဘင်္ဂလားဒေ့ရှ်ဆီ ပြန်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။